Thursday, April 3, 2014

ချီလီငလျင်ကြောင့် အနည်းဆုံးလူ ၆ဦး သေဆုံး


ငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ကားနဲ့စက်လှေ (Credit: Reuters) 
ချီလီနိုင်ငံမှာ ​မနေ့တုန်းက ​ပြင်းအား ​၈.၂ ​ရှိတဲ့ ​မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ​ချီလီနိုင်ငံမြောက်ပိုင်း ​ဒေသနှစ်ခုကို ​ဘေးအန္တရာယ် ​ကျရောက်ရာနေရာအဖြစ် ​သတ်မှတ်ထားပါတယ်။
မြေငလျင်လှုပ်ခတ်မှုကြောင့် ​အနည်းဆုံး ​လူ ​၆ ​ဦးသေဆုံးခဲ့ရပြီး ​လူပေါင်း ​ကိုးသိန်း ခုနှစ်သောင်းကျော်ကို ​ရွှေ့ပြောင်းမှု ​လုပ်ထားပါတယ်။
အမေရိကန် ​ဘူမိဗေဒ ​ပညာရှင်တွေရဲ့ ​အဆိုအရ ​မြေငလျင်ဟာ ​ချီလီနိုင်ငံ ​မိုင်းတွင်းများတဲ့ ​အီကီးကေး ​(Iquique) ​ဒေသနဲ့ ​၈၆ ​ကီလိုမီတာ ​ဝေးတဲ့နေရာမှာ ​ဗဟိုပြု ​လှုပ်ခတ်ခဲ့တာ ​ဖြစ်ပါတယ်။

ငလျင် ​လှုပ်ခတ် ​မှုကြောင့် ​လျှပ်စစ်မီးပြတ် ​တောက်မှုတွေ၊ ​မီးလောင်မှုတွေနဲ့ ​မြေပြို မှုတွေ ​ဖြစ်နေပြီး ​နောက် ဆက်တွဲ ​ငလျင်တွေလည်း ​မနေ့ညအထိ ​လှုပ်ခတ်နေဆဲ ​ဖြစ်ပါတယ်။
မြေငလျင် ​လှုပ်ခတ်မှုကနေ ​ထွက်ပြေး ​လွှတ်မြောက်နေတဲ့ ​အမျိုးသမီး ​အကျဉ်းသား ​အယောက် ​၃၀၀ ​လောက်ကို ​ရဲတွေက ​လိုက်လံ ​ရှာဖွေနေပြီး ​အဲဒီထဲက ​၂၆ ​ယောက်ကို ​ပြန်လည် ​ဖမ်းဆီးနိုင် ခဲ့ပါတယ်။
မြေငလျင်ဒဏ် ​အဆိုးဝါးဆုံး ​ခံရတဲ့ဒေသကို ​ချီလီသမ္မတ ​Michelle ​Bachelet ​မီရှဲလ်ဘာချူလက် ​က ​သွားရောက် ​လေ့လာခဲ့ပြီး ​အခြေအနေ ​ထိန်းသိမ်းနိုင်ဖို့ ​ရဲနဲ့ ​စစ်သားတွေ ​တိုးချဲ့စေလွှတ် ​မယ်လို့ ​ကတိပေး ​လိုက်ပါတယ်။
ချီလီနိုင်ငံမှာ ​မြေငလျင် ​လှုပ်ခတ် ​မှုကြောင့် ​ဖြစ်ပေါ်လာတဲ့ ​ဆူနာမီရေ ​လှိုင်းဟာ ​ပစိဖိတ် ​သမုဒ္ဒရာ ​အရှေ့ဘက်ခြမ်းအထိ ​ရောက်လာဖို့ ​ရှိတဲ့အတွက် ​ဂျပန်နိုင်ငံကလည်း ​ဆူနာမီ ​သတိပေးချက်တွေ ​ထုတ်ပြန်ထားပါတယ်။
ဒီမနက်မှာပဲ ​ဆူနာမီရေလှိုင်းက ​ဂျပန်နိုင်ငံ ​Hokkaido ​ဒေသကို ​ရောက်ရှိမယ်လို့ ​ခန့်မှန်းထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံကလည်း ​ဆူနာမီဒဏ် ​ခံရနိုင်တဲ့အကြောင်း ​အေဘီစီသတင်းထောက် ​Michael ​Vincent ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

No comments:

Post a Comment