Thursday, April 3, 2014

မတ် ၃၁ ရက်အထိ နှစ်ရက်တာ သန်းခေါင်စာရင်းကောက်ယူမှုအပြီး အိမ်ထောင်စုနှစ်သန်းကျော် စာရင်းကောက်ယူရရှိ

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို မတ် ၃၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံး၌ ကောက်ယူမှုပြုလုပ်ခဲ့ရာ မတ် ၃၁ ရက်အထိ နှစ်ရက်တာ သန်းခေါင်စာရင်းကောက်ယူမှုအပြီး အိမ်ထောင်စု စုစုပေါင်း နှစ်သန်းကျော် စာရင်းကောက်ယူ ရရှိခဲ့သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်က သန်းခေါင်စာရင်းကောက်ယူမှု လေးရက်မြောက်ဖြစ်သည့် ဧပြီ ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၄ခုနှစ် မတ် ၃၁ ရက်အထိ စာရင်းကောက်ယူ ဆောင်ရွက်မှုအခြေအနေမှာ ကချင်ပြည်နယ်တွင် အိမ်ထောင်စု ၄၄၇၀၉၊ ကယားပြည်နယ်တွင် အိမ်ထောင်စု ၉၄၀၈၊ ကရင်ပြည်နယ်တွင် အိမ်ထောင်စု ၆၀၉၄၇၊ ချင်းပြည်နယ်တွင် အိမ်ထောင်စု ၁၃၂၆၂၊ မွန်ပြည်နယ်တွင် အိမ်ထောင်စု ၈၀၃၇၉၊ ရခိုင်ပြည်နယ်တွင် အိမ်ထောင်စု ၆၅၄၇၇၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အိမ်ထောင်စု ၂၂၄၀၆၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အိမ်ထောင်စု ၉၁၈၀၁၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အိမ်ထောင်စု ၆၉၈၈၄ စုတို့ဖြစ်ကြောင်း သိရသည်။
ထိုပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၂၁၆၅၉၅ စု၊ တနင်္သာရီတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၆၁၂၉၆၊ ပဲခူးတိုင်းအရှေ့ပိုင်းဒေသကြီးတွင် အိမ်ထောင်စု ၁၃၈၅၃၀၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင် အိမ်ထောင်စု ၁၀၄၅၃၅၊ မကွေးတိုင်း ဒေသကြီးတွင် အိမ်ထောင်စု ၁၇၄၁၆၉၊ မန္တလေးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၂၄၉၀၅၁၊ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စု ၂၉၈၄၂၄၊ ဧရာဝတီတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၂၈၇၁၁၄၊ နေပြည်တော်ကောင်စီတွင် အိမ်ထောင်စု ၄၇၀၁၄ စု တို့ဖြစ်ကြောင်း သိရသည်။
မတ် ၃၀ ရက်နှင့် ၃၁ ရက် နှစ်ရက်တာ သန်းခေါင်စာရင်းကောက်ယူမှုအပြီး တစ်နိုင်ငံလုံး၌ စုစုပေါင်းအိမ်ထောင်စု ၂၀၃၅၀၀၁ စု ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၀ရက်အထိ ကောက်ယူသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ ကောင်စီနယ်မြေတစ်ခုတို့မှ အိမ်ထောင်စု ၁၁ သန်းမှ လူဦးရေ သန်း ၆၀ တို့ကို အခြေခံကောက်ယူခြင်းဖြစ်သည်။
Eleven Media Group

No comments:

Post a Comment