Thursday, April 3, 2014

သန်းခေါင်စာရင်းကောက်နေသော ၀န်ထမ်းများနှင့် ဒေသခံရှမ်းတိုင်းရင်းသား များအတွက် တပ်မတော် က လုံခြုံရေး ဆောင်ရွက်ပေးသင့်


မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင် စာရင်းအား မြန်မာနိုင်ငံနေရာ အနှံ့ အပြား၌ ကောက်ယူလျက်ရှိရာ KIO ထိန်းချုပ်နယ်မြေများတွင် ကောက်ယူခွင့်မပြုကြောင်းနှင့် ၎င်းတို့ ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများကိုပါ ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်လာ၍ တပ်မတော်က လုံခြုံရေး ဆောင်ရွက်ပေးသင့်ကြောင်း ယင်းဒေသခံ ရှမ်းတိုင်းရင်းသားတစ်ဦးက ဆိုသည်။

``မန်ဝိန်းကြီးက KIO ထိန်းချုပ်နယ်မြေ မဟုတ်ဘူးလေ။ ဒီကျေးရွာ အုပ်စု တွေမှာ သန်းခေါင်စာရင်းမကောက် ရဘူးလို့ KIA အဖွဲ့က ခြိမ်းခြောက် ထားလို့ လာကောက်တဲ့ ၀န်ထမ်းတွေရော ဒေသခံရှမ်းတွေပါ ကြောက်နေရ တယ်´´ ဟု မန်ဝိန်းကြီးရွာခံ ကိုစိုင်းသာက ပြောသည်။

လွယ်ဂျယ်မြို့နယ်ခွဲရှိ ကောင်နန်ရပ်ကွက်နှင့် ဆိုင်းဂျာရပ်ကွက်တို့တွင်လည်း မတ်လ ၃၀ ရက်နေ့၌ ပညာရေး ၀န်ထမ်းဆရာမ(၂)ဦး သန်းခေါင်စာရင်း ကောက်ယူနေစဉ် ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ KIA ၏ ခွင့်ပြု ချက်မရသဖြင့် ဆက်မကောက်ရန်လာရောက် တားမြစ်မှုကြောင့် မြို့နယ်ခွဲကွပ်ကဲရေးရုံးသို့ ပြန်သွားခဲ့ရကြောင်း ကောင်နန်ရပ်ကွက်နေ ဒေါ်နန်းစိန်သိန်းက ဆိုသည်။

KIA အဖွဲ့မှ ကချင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ထိန်းချုပ်နယ်မြေများကို သာမကဘဲ အခြားသော ရှမ်းတိုင်းရင်း သားကျေးရွာများ၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရှမ်းရွာများကိုပါ သန်းခေါင်စာရင်းမကောက်ရန် ခြိမ်းခြောက်တား မြစ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

``ဟူဆာရွာထဲမှာ သန်းခေါင်စာရင်းကောက်နေတဲ့ ဆရာမ (၃)ယောက်ဆီကနေ စာရွက်စာတမ်းတွေ အတင်း သိမ်းသွားတယ်။ ပြီးတော့ သန်းခေါင်စာရင်းဆက်မကောက်ဖို့နဲ့ ဆက်ကောက်ရင် အသက်အန္တရာယ် အတွက် တာဝန်ယူမှာမဟုတ်ဘူးလို့ ကချင်စစ်သားတွေက လာခြိမ်းခြောက်လို့ ဆရာမတွေ ပြန်ပြေးရတယ်´´ ဟု နမ္မတူ မြို့နယ် လ၀ကရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းစတင်ကောက်ယူသည့် မတ်လ ၃၀ ရက်နေ့တွင် လွယ်ဂျယ်မြို့နယ်ခွဲ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာ၌ သန်းခေါင်စာရင်းကောက်နေသော ဆရာနှင့်ဆရာမ နှစ်ဦးအား KIA မှ သန်းခေါင်စာရင်း ဆက်မကောက်ရန် ခြိမ်းခြောက်ပြီး ကောက်ပြီးသော သန်းခေါင်စာရင်းများအား သိမ်းယူသွားခဲ့ကြောင်းလည်း လွယ်ဂျယ်မြို့နယ်လ၀ကရုံးမှ သိရသည်။

``ဟိုတစ်နေ့က KIA အဖွဲ့က ခြိမ်းခြောက်လို့ သန်းခေါင်စာရင်း ကောက်ခွင့်မရတဲ့ ဆရာမတွေနဲ့ လ၀ကရုံးက အဖွဲ့တွေ မနေ့က သန်းခေါင်စာရင်းလာကောက်သွားတယ်၊ ညနေ ၄ နာရီမှပြီးတယ်။ ဒီတစ်ခါတော့ ဘယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မကောက်ပါနဲ့လို့ လာပြောသံမကြားဘူးဗျ။ အစိုးရတပ်နဲ့ မြို့နယ်ရဲစခန်းက လုံခြုံရေး ယူပေးထားလို့ အေးအေးဆေးဆေးသန်းခေါင်စာရင်း ကောက်သွား ရပါတယ်´´ ဟု လွယ်ဂျယ်မြို့ခံ ဦးစိုင်းတင့် က ဆိုသည်။

မန်စီမြို့ခံ ရှမ်းတိုင်းရင်းသားတစ်ဦးကလည်း ``လွယ်ဂျယ်မှာတော့ သန်းခေါင်စာရင်းကောက်တဲ့ ၀န်ထမ်းတွေ ကို တပ်မတော်နဲ့ ရဲက လုံခြုံရေးယူပေးတယ်လို့ကြားတယ်။ ဒီမန်စီမြို့နယ်ထဲက မန်ဝိန်းကြီးအုပ်စုမှာလည်း KIA က လာပြီးခြိမ်းခြောက်နေလို့ သန်းခေါင်စာရင်းကောက်ဖို့ အခက်အခဲဖြစ်နေတယ်။ ရှမ်းမြောက်မှာလည်း
ဒီ အတိုင်းပဲ၊ ဆဒုံးတို့ ဟိုပင်တို့ဘက်မှာလည်း ကြားတယ်။ ဒီတော့ သန်းခေါင်းစာရင်းကောက်နေတဲ့ ၀န်ထမ်း တွေနဲ့ ဒေသခံရှမ်း တိုင်းရင်းသားတွေအတွက် KIA ထိန်းချုပ်နယ်မြေမဟုတ်တဲ့ မြို့တွေ၊ ရွာတွေမှာ တပ်မတော် က လုံခြုံရေးလုပ်ပေးသင့်တယ်၊ ဒါမှသာ KIA က ဆက်ပြီး မနှောင့်ယှက်ရဲမှာလေ´´ ဟု ပြောကြားသွားခဲ့သည်။

စိုင်းအောင်ခမ်း
Shan News

No comments:

Post a Comment