Wednesday, April 30, 2014

ပဋိပက္ခများ ဖြေရှင်းရန် အစိုးရနှင့် ကေအိုင်အို မြစ်ကြီးနားတွင် သီးသန့်တွေ့မည်

တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သော ကချင် လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့သည် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကို ဖြေရှင်းနိုင်ရန် အတွက် မေလ ဒုတိယပတ်အတွင်း မြစ်ကြီးနားတွင် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။ နှစ်ဖက်တိုက်ပွဲ များကြောင့် ယင်းသို့ တွေ့ဆုံရန် ကေအိုင်အိုက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ ကမ်းလှမ်းခဲ့သဖြင့် တွေ့ဆုံရန် အသေးစိတ်ကို ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“မေလ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမှာ တွေ့ဖို့ ကေအိုင်အိုက ကမ်းလှမ်းတယ်။ အဲဒီရက်က အာဆီယံ ထိပ်သီး အစည်းအဝေး ရှိနေတော့ ၁၀ ရက် နောက်ပိုင်းမှတွေ့ဖို့ အကြောင်းပြန်ထားတယ်” ဟု ၎င်းကရှင်းပြသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ကြိုးပမ်းနေစဉ် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် အစိုးရနှင့် သီးသန့်တွေ့ဆုံရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး လေ့လာသူအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု (NCCT) အပါအဝင် ကုလသမဂ္ဂ အထူးအကြံပေး မစ္စတာ နမ်ဘီးယားနှင့် တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး လေ့လာသူ တို့ကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း ကေအိုင်အို အဖွဲ့ထံမှ သိရသည်။
အစိုးရနှင့် ကေအိုင်အိုအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ဆက်နွှယ်နေသဖြင့် ကေအိုင်အို၏ ဖိတ်ကြားချက်အပေါ် မူတည်ကာ ပါဝင် တက်ရောက်သွားမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
“အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းပြီး ဖြေရှင်းပေးရမယ့် တာဝန်ရှိပါတယ်” ဟု ဦးနိုင်ဟံသာက ပြောဆိုသည်။
အစိုးရနှင့် ကေအိုင်အိုအဖွဲ့များ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု မရသေးဘဲ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်၌ နောက်ဆုံး အကြိမ်အဖြစ် သီးသန့် တွေ့ဆုံ ထားပြီး နှစ်ဖက် သဘောတူညီချက်အရ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေး များလည်း ကျင်းပနိုင်ခဲ့သည်။
တပ်မတော်နှင့် ကေအိုင်အေအကြား ဧပြီလဆန်း တိုက်ပွဲများကြောင့် တပ်မတော် အရာရှိတစ်ဦး အပါအဝင် စစ်သည် ဆယ်ဦးခန့် ကျဆုံးခဲ့ပြီး ကေအိုင်အေ အဖွဲ့တွင်လည်း ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း နှစ်ဖက် ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly

No comments:

Post a Comment