Wednesday, April 30, 2014

HIV/AIDS တိုက်ဖျက်ရေး ယခုဘဏ္ဍာနှစ် ကျပ်လေးဘီလီယံကျော် သုံးမည်

ကျန်းမာရေး ဝန်ကြီးဌာန၏ HIV/AIDS တိုက်ဖျက်ရေး စီမံချက်အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်လေးဘီလီယံကျော် အသုံးပြုမည် ဖြစ်ကြောင်း National AIDS Program ၏စီမံကိန်းမန်နေဂျာ ဒေါက် တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။ယင်းအသုံးစရိတ်ဖြင့် ကိုယ်ခံအားစနစ် စစ်ဆေးသော CD4 စက်နှင့် HIV ပိုးစစ်ဆေးသော စက်များ ဝယ်ယူခြင်းတို့အပြင် HIV ပိုးရှိသူ လေးရာအတွက် ကျန်းမာရေး ဝန်ကြီးဌာန အသုံးစရိတ်နှင့် ပထမဆုံး ဆေးဝါး ပံ့ပိုးမှုတို့ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြော ဆိုသည်။ကျန်းမာရေး အသုံးစရိတ်နှင့် နိုင်ငံတကာ အကူအညီများ ပိုများလာခြင်းကြောင့် ၂၀၁၄ ခုနှစ် တွင် နိုင်ငံတစ်ဝန်း HIV/AIDS ရှိသူ ခုနစ်သောင်းကျော် ART ဆေးဝါးများ ရရှိနိုင်ဖွယ် ရှိကြောင်း National AIDS Program ကခန့်မှန်းထားသည်။
ကူးစက်ရောဂါကု ဆေးရုံများတွင် လူနာအသစ်များကို ART တိုးပေးခြင်း ရှိသော်လည်း ဆေးရုံက ရရှိနေသော ဝန်ဆောင်မှုများ တိုးတက်လာခြင်း မရှိသေးကြောင်း ပြည်တွင်း NGO တစ်ခုတွင် နှစ်သိမ့် ဆွေးနွေးခြင်းနှင့် အိမ်တိုင်ရာရောက် ပြုစုစောင့်ရှောက်ခြင်းကို တာဝန်ယူ လုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် HIV/AIDS ကူးစက်နှုန်းနှင့် ပတ်သက်၍ စိုးရိမ်ဖွယ် နိုင်ငံဖြစ်ပြီး AIDS ကြောင့် သေဆုံးနှုန်းမှာလည်း ဒုတိယ အမြင့်ဆုံး ဖြစ်ကြောင်း နိုင်ငံတကာ ကျန်းမာရေး အဖွဲ့များထံ စုံစမ်းသိရှိရသည်။ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်သော UNAIDS ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် HIV/AIDS ရှိသူ နှစ်သိန်းနီးပါး ရှိကြောင်း သိရသည်။
The Voice Weekly

No comments:

Post a Comment