Friday, April 4, 2014

အခွန်အများဆုံး ထမ်းဆောင်သူ ၁၀၀ ကို အခမ်းအနားဖြင့် ဂုဏ်ပြုလက်မှတ် ပေးမည်


၂၀၁၂-၂၀၁၃ အခွန်စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ ၅၀ နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ ၅၀ ဦးကို ဧပြီလ ၇ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြု လက်မှတ် ပေးအပ်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။
နှစ်စဉ် အခွန်အများဆုံး ထမ်းဆောင်သူများကို ဂုဏ်ပြုလက်မှတ် ပေးအပ်လေ့ ရှိပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက် အခွန်အများဆုံး ထမ်းဆောင်သူ ၂၀ ဦးစီကို အခမ်းအနားဖြင့် ဂုဏ်ပြု လက်မှတ် ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် အရေအတွက် တိုးမြှင့်ကာ အခွန်ထမ်းဦးရေ ၅၀ ဦးစီ၊ စုစုပေါင်း ၁၀၀ ဦးကို ပေးအပ်ခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

အခွန်အများဆုံး ထမ်းဆောင်သူများကို အသိအမှတ်ပြုကာ ဂုဏ်ပြုလက်မှတ် ပေးခြင်းကို ကြိုဆို ရမည် ဖြစ်ပြီး ယခုထက် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောကြားသည်။
“အခွန်မဆောင်သေးသူတွေလည်း အခွန်ဆောင်ချင်လာမယ်။ အခွန်ဆောင်ပေ မယ့် လျှော့ဆောင်နေ သူတွေလည်း မှန်မှန်ကန်ကန် ဆောင်လာနိုင်ဖို့ အားပေးရာ ရောက်ပါ တယ်” ဟု ၎င်းက ပြောဆိုသည်။
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများကလည်း ယခုကဲ့သို့ အခွန်အများဆုံး ထမ်းဆောင်သူများ အတွက် အသိအမှတ်ပြုသည့် အခမ်းအနားများ စီစဉ်ဆောင်ရွက်ခြင်းဖြင့် ပြည်သူ အားလုံးကို အခွန် အသိပညာပေးကာ ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
အခွန်ထမ်းများ မှန်ကန်စွာ အခွန်ထမ်းဆောင်လာရန် လှုံ့ဆော်သည့်အနေနှင့် ၂၀၁၂- ၂၀၁၃ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ စာရင်းကို ယခင်စည်းကြပ်နှစ်ထက် ပိုမိုတိုးမြှင့်ကာ ၅၀၀ ဦး စာရင်းကို ထုတ်ပြန်ထားသည်။
ယင်းအပြင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအတွက် အခွန်ဘုတ်အဖွဲ့ကို ဖွဲ့စည်း၍ အခွန်ထမ်း အမျိုးအစားအလွှာလိုက် တစ်ဆင့်ချင်းစီ တွေ့ဆုံကာ အခွန်ထမ်းဆောင်လာရန် ဆွေးနွေး ပြောကြားလျက် ရှိပြီး အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူများကို ဒဏ်ကြေး ၁၀ ရာခိုင်နှုန်း တိတိကျကျ ဒဏ်ရိုက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice

No comments:

Post a Comment