Friday, April 4, 2014

မိုးကြိုကာလ မိုးတိမ်တောင်နှင့် လေပြင်းအန္တရာယ် သတိပြုရမည်ဟုဆို

နေ့အပူချိန်များ မြင့်တက်နေခြင်းကြောင့် မိုးကြိုကာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့၌ မိုးတိမ်တောင်နှင့် လေပြင်း တိုက်ခတ်မည့် အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလဆန်းနှင့် သင်္ကြန်ရက်များအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

န့အပူချိန်များသည် ဧပြီလ ၃ ရက်နေ့၌ အောင်လံမြို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်၊ မကွေးမြို့၊ ပေါက်မြို့နှင့် ပြည်မြို့တို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။
မိုးကြိုကာလသည် ဧပြီလ ၁၅ ရက်နေ့မှ မေလနောက်ဆုံးပတ် မုတ်သုံလေ ဝင်ရောက်သည့် နေ့အထိဖြစ်ပြီး နှစ်စဉ် မိုးတိမ်တောင်နှင့် စိုက်ဆင်းလေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် ရာသီဥတု ဖြစ်စဉ်များသည် မွန်းလွဲ ညနေပိုင်းတွင် အများဆုံး ဖြစ်ပေါ်သဖြင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တောင်သူများက အဓိက သတိပြုကာကွယ်ရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့ အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ရှမ်းပြည်နယ် လွိုင်လင်မြို့တို့တွင် မိုးရွာသွန်းပြီး လျှပ်စီးများလက်ကာ လေပြင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ မကြာခဏ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။
မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် နှစ်စဉ်မိုးကြိုးပစ် လူသေဆုံးမှုများ ရှိရာတွင် ၂၀၁၂ ခုနှစ် အတွင်းက သေဆုံးသူ ၆၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် အတွင်း၌လည်း သေဆုံးသူဦးရေ ၄၀ ခန့် ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်၏ စာရင်းများအရ သိရသည်။
ယင်းအပြင် ယခု ၂၀၁၄ ခုနှစ်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နှင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တို့တွင် နှစ်ပေါင်း ၅၀ အတွင်း အပူချိန် အမြင့်ဆုံး စံချိန်တင် ရောက်ရှိခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment