Wednesday, April 9, 2014

တနိုင်းမြို့တွင် သန်းခေါင်းစာရင်း ကောက်ယူခွင့် အစိုးရ တောင်းခြင်းကို KIA ငြင်းပယ်

ရန်ကုန်၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ထိန်းချူပ်နယ်မြေမှ ရွာလေးရွာကို သန်းခေါင်စာရင်း ကောက်ယူခွင့်ပေးရန် ဧပြီလ ၈ရက်က အစိုးရဘက်မှ တောင်းဆိုခဲ့ရာတွင် KIAက ငြင်းဆန်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အကြီးတန်း အရာရှိ ဦးလမိုင်ဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ တောင်းဆိုခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၄ရက်ကလည်း တနိုင်းမြို့နယ်အတွင်း ပယင်းမှော်လုပ်ငန်းခွင်မှ လူများကို သန်းခေါင်စာရင်ကောက်ယူမည်ဟု ဆို၍ KIA ကို
ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ တဆင့် ညှိနှိုင်းပေးရန် အစိုးရဘက်က တောင်းဆို ခဲ့ကြောင်း ၎င်းက ဆိုသည်။

“KIA နဲ့ အစိုးရရဲ့ အနေအထားက လုံးဝကြီးကို အပစ်ရပ်လုပ်ထားတာလဲမဟုတ်ဘူး။ တိုက်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတော့ KIA က ခွင့်မပြုဘူး။ ဒါကို အတင်း စစ်ကြောင်းနဲ့ဝင်ပြီး ကောက်မယ်ဆိုရင်တော့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေဖြစ်လာမှာပါဘဲ” ဟု ဦးလမိုင်ဂွန်ဂျာက ပြောသည်။

KIA တပ်မဟာ ၂ ၏ နယ်မြေ တနိုင်းမြို့တွင် ဧပြီလ ၃ရက်နေ့မှစ၍ သန်းခေါင်းစာရင်းကောက်ယူမည်ဟု ဆိုကာ အစိုးရတပ်အင်အားများ တိုးမြှင့်ချထားပြီး၊ ယင်းနယ်မြေအတွင်း သန်းခေါင်စာရင် ကောက်ယူ ခွင့်ပေးရန် အချက်နှစ်ချက်ဖြင့် အစိုးရဘက်က တောင်းဆိုခဲ့သည်။

အစိုးရဘက်မှ သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းများပေးထားပြီးဖြစ်သော ဆရာ၊ ဆရာမှများမှ ၎င်းရွာလေးရွာတွင် ၀င်ရောက်ကောက်ခံခွင့်ပြုရန် သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူးများက ရွာသားများ၏ လူဦးရေစာရင်း နှင့် အချက်အလက်များကို တနိုင်းမြို့တွင်ရှိသော သန်းခေါင်စာရင်းရုံးများတွင် လာရောက်ပေးပို့ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

KIA နယ်မြေအတွင်း မန်ဝိုင်းကြီးအနီးဝိုက်တွင် ရှိသော ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသားရွာ ၁၄ရွာတွင်လည်း များအနေဖြင့်လည်း သန်းခေါင်စာရင်း ဖြည့်သွင်းရာတွင် လူမျိုးအမည်တွင် ကချင်လူမျိုး အဖြစ် KIAက ဖြည့်သွင်းခိုင်းသော အဖြစ်များလည်း ဖြစ်နေသည်ဟု မြစ်ကြီးနားမြို့ရှိ ရှမ်းရေးရာ အဖွဲ့ ခေါင်းဆောင် ဦးစိုင်းထိန်လင်းက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ရှမ်းနီတွေမှာတောင် တိုင်းလျန်ဆိုတဲ့ကုတ် (828) မှာ ထည့်မလား အခြားဆိုတဲ့ ကုတ်(914) မှာ ရှမ်းနီလို့ ထည့်မလားဆိုပြီးတော့ အမျိုးမျိုးကွဲပြီး ပြသနာဖြစ်နေတာကို လူမျိုးနာမည်မှာ ကချင်လို့ ဖြည့်ခိုင်းတာမျိုးက ပေါ်လာသေးတယ်” ဟု ဦးစိုင်းထိန်လင်းက ပြောသည်။

ကချင်ပြည်နယ်အတွင်း KIA တပ်ဖွဲ့ဝင်များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူခွင့် မရှိခဲ့သော ရွာပေါင်း ၂၃၁ရွာကို တပ်မတော်စစ်ကြောင်းများဖြင့် ဧပြီလ ၂ရက်နေ့မှ စတင်ကောက်ခံခဲ့ရာ ရွာပေါင်း ၁၇၅ ကျန်ရှိနေသေးကြေင်း နှင့်KIA ထိန်းချူပ်နယ်မြေ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်တွင်း ရွာပေါင်း ၅၇ရွာကိုလည်း တပ်မတော်စစ်ကြောင်းများဖြင့် ကောက်ယူခဲ့ခြင်းကြောင့် ယခုခါတွင် ၁၇ရွာသာ ကောက် ခံရန် ကျန်ရှိတော့ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာတွင် ကချင်ပြည်နယ်တွင် အိမ်ထောင် စုပေါင်း ၁၈၀၆၀၂စုအား ကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment