Friday, April 4, 2014

NLD ပါတီဝင် ငါးထောင်ကျော် အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမည်


ဟင်္သာတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်၍ ပါတီဝင် ငါးထောင်ကျော်က ဧပြီလ ၁၀ ရက်နေ့တွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒဖော် ထုတ်မည် ဖြစ်ကြောင်း ယင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားသည်။
အခြေခံဥပဒေပါ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉-ဃ၊ ပုဒ်မ ၅၉-စ တို့ ပြင်ဆင်ရေးအတွက် ပိုစတာ ၅၀၀ ကိုင်ဆောင်ကာ၊ လူတစ်ရာလျှင် လက်ကိုင်ဟွန်း တစ်လုံးစီ ကိုင်ဆောင်မည် ဖြစ်ကြောင်း ပါတီဝင်များ
အပြင် ပြည်သူများ၊ အခြားအဖွဲ့အစည်းများလည်း ပါဝင်မည် ဖြစ်ပြီး ယင်းပုဒ်မများ ပြင်ဆင်သင့်သည့် အကြောင်းအရာ များကိုလည်း ဟောပြောမည်ဟု ၎င်းကဆိုသည်။
ပါတီခရိုင်နှင့် မြို့နယ်ရုံးရှေ့၌ ဧပြီ ၁၀ ရက်နေ့ နံနက်၈နာရီတွင် စုဝေးပြီး၊ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်မည် ဖြစ်ကြောင်း၊ ဆင်းဧကရီလမ်းမှ နတ်မော်လမ်း၊ ပဒေသာ ဈေးကြီးရှေ့ ၊ ဌေးဝင်းဈေးကြီးရှေ့၊ ဦးဝိစာရလမ်း၊ တို့ကိုဖြတ်လျှောက်ကာ၊ ဘူတာ ပရိဝုဏ်၊ ဗိုလ်အောင်ကျော် လမ်း၊ ရွှေစေတီလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဆွေတော်ရှေ့မှ ဦးပါရဲ ဘုရားရင်ပြင်တွင် အဆုံး သတ်မည် ဖြစ်ကြောင်း ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။
ယင်းဆန္ဒဖော်ထုတ်ခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ သဘောထား မှတ်ချက် ရရှိထားပြီး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက်သာသာ လိုတော့ကြောင်း ဟင်္သာတမြို့နယ် NLD ပါတီဝင် ရပ်ကွက်ကျေးရွာ ဥက္ကဋ္ဌများက ပြောဆိုသည်။
ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း ကိုးဦး၊ အရပ်သားငါးဦး ပါဝင်ဖွဲ့စည်းထားသည့် ခရိုင်ကော်မရှင် အနေနှင့် ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခြင်းကို ဥပဒေနှင့်အညီ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တို့၏ ခွင့်ပြုချက်ဖြင့် ဆက်လက် ဆောင်ရွက်ရန် အကြောင်းပြန်ထားပြီး ဖြစ်ကြောင်း ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက ပြောကြားသည်။

The Voice

No comments:

Post a Comment