Friday, April 4, 2014

ရှမ်း နှစ်ပါတီ မပူးပေါင်းလျှင် ရှမ်းလူထု သွေးကွဲမှုများ ဖြစ်နိုင်ဟုဆို


ရှမ်းပါတီများ မပူးပေါင်းဖြစ်ဘဲ သီးခြားပါတီ အနေနှင့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လျှင် ဒေသခံရှမ်း လူထုအနေနှင့် အချင်းချင်း သွေးကွဲ မှုများ ဖြစ်ရုံသာမက မဲထည့်ရေး ခက်ခဲမည် ဖြစ်ကြောင်း မိုင်းတုံမြို့နယ်နေ ရှမ်းတိုင်းရင်းသား ဒေသခံ များက ပြောကြားသည်။
“ပါတီတွေ ပေါင်းချင်းပေါင်း၊ မပေါင်းလို့ကတော့ အချင်းချင်း သွေးကွဲတာနဲ့ ကြားလူစားသွားမယ်၊ ရှမ်းမဲပုံး နှစ်ခုဖြစ်ရင် ဘယ်ပါတီမှ မဲမထည့်ဘူး ဆိုတဲ့သူတွေ များလာနေပြီ၊ ရှမ်းတွေ မပေါင်းနိုင်တာ ဘာဖြစ်လို့လဲ၊ ရှမ်းခေါင်းဆောင်တွေ လူမျိုးအတွက် အဖြေရှာကြဖို့တော့ လိုမယ်” ဟု ယခင် SNLD
ပါတီဝင်ဟောင်း တစ်ဦးက ဝေဖန်ပြောကြားသည်။
ရှမ်းလူကြီးတွေ မပေါင်းနိုင်လျှင် လူငယ်များ အနေနှင့် သွေးကွဲမခံဘဲ အချင်းချင်း သွေးစည်း ညီညွတ်သွားရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်ခံရှမ်း လူငယ်တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုင်းတုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ ပုံပါကျင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းဝင်းမြတ်ဦးမှ ကျားဖြူပါတီ (SNDP) မှ နုတ်ထွက်ခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ ပုံပါကျင်မဲဆန္ဒနယ်မှ ပါတီဝင် အင်အား တစ်ထောင်ကျော် နုတ်ထွက်ခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့က မိုင်းတုံမြို့နယ်၊ နားကောင်းမူးတွင် ကျေးရွာပါတီရုံးခွဲ ဖွင့်လှစ်မှုတွင် ဒေသခံပါတီ ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကို အသိမပေးသည့်အတွက် ပါတီကို ၎င်းတို့ မလိုလားသည့်ပုံစံ ဖြစ်လာသည်ဟု ထင်မြင်ယူဆသဖြင့် နုတ်ထွက်ကြခြင်း ဖြစ်ကြောင်း မတ်လ ၂၇ ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအရ သိရှိရသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မိုင်းတုံမြို့မှ ဦးစိုင်းဝင်းမြတ်ဦး အပါအဝင် ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှဦးစိုင်းသန်းမောင်၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးစိုင်းစံဖေ (ခေါ်) ဦးစိုင်းစင်ပန်ဖတို့သုံးဦး နုတ်ထွက်ခဲ့သည်။
“ပါတီရဲ့မူဝါဒနဲ့ သဘောထား ပိုင်ဆိုင်ရာတွေကို မကြိုက်နှစ်သက်တော့ဘူး၊ ကျားခေါင်းပါတီ (SNLD) ပါတီနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်” ဟု ကျားဖြူပါတီမှ နုတ်ထွက်ခဲ့သူတစ်ဦးက ဆိုသည်။
ဧပြီလ ၁ရက်နေ့က တောင်ကြီး SNDP ပါတီရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တာချီလိတ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဒေါ်နန်းငွေမြက လူထုလို လားချက်အရ၊ ပါတီ၏ လိုအပ်ချက်အရ ဗဟို၏ အစီအမံဖြင့် နားကောင်းမူး ရုံးခွဲ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိုင်းတုံတွင် ကျားဖြူပါတီဝင် အင်အားမှာ ၅၀၀၀ နှင့် ၇၀၀၀အကြား ရှိသည်ဟု ခန့်မှန်းရပြီး နယ်မြေအရ မိုင်းတုံ နားကောင်းမူ၊ ပုံပါကျင်ဟူ၍ ပိုင်းခြား နေထိုင်ဆက်ဆံကြသည့် အနေအထား တွင်ရှိ၍ အမှတ် (၁) မဲန္ဒနယ်မှာ မိုင်းတုံ ဖြစ်ပြီး မဲဆန္ဒနယ်အမှတ် (၂) မှာ ပုံပါကျင်ဖြစ်ကာ နားကောင်းမူးမှာ ပုံပါကျင် မဲဆန္ဒနယ်အတွင်း ပါဝင်သည်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် တစ်ပြည်လုံး အတိုင်းအတာနှင့် ကိုယ်စားလှယ်နေရာ ဒုတိယ အများဆုံး ရရှိခဲ့သည့် SNLD က ယခင် တပ်မတော်အစိုးရ၏ အမိန့်ဥပဒေများ အောက်တွင် ပါတီကို ပြန်လည် မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့်အပေါ် ရွေးကောက်ပွဲ နည်းလမ်းအရ နိုင်ငံရေး လုပ်ဆောင်လိုသော ဦးစိုင်းအိုက်ပေါင်း ခေါင်းဆောင်သည့်အဖွဲ့မှ သီးခြားဖွဲ့စည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
SNDP (Shan Nationalities Democratic Party) ဟုခေါ်ဆိုသည့် ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှာ ယခင် SNLD မှ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့ဖူးသူ ဦးစိုင်းအိုက်ပေါင်းက ဦးဆောင်၍ စုစုပေါင်း အလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ၂၀၁၀ ပြည့်နှစ်၊ မေလ ၃ ရက်နေ့က တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့သည့်ပါတီ ဖြစ်သည်။

The Voice

No comments:

Post a Comment