Friday, May 30, 2014

ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သဘာဝအခြေခံ ခရီးသွားဒေသအဖြစ် အကောင်အထည်ဖော်သွားမည်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သဘာဝအခြေခံ ခရီးသွားဒေသသစ်အဖြစ် ဖွံ့ဖြိုးလာရန်အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများရှိသည်ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က မဇိ္ဈမကို ပြောသည်။

မြန်မာ့ခရီးသွားပင်မစီမံကိန်း (Myanmar Tourism Master Plan)အရ ဓနုဒေသကို နိုင်ငံတကာ ခရီးသွား ဆိုင်ရာ အဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သည့် စီမံကိန်းတစ်ရပ်ကို အကောင်အထည် ဖော်ရန် ဆွေးနွေးစီစဉ်နေခြင်း ဖြစ်သည်။ 


ဒေါက်တာ အောင်မြတ်ကျော်က “Tourism Master Planအရ ခရီးစဉ်ဒေသအသစ်တွေ ဖော်ထုတ်နိုင်ဖို့ ရှိရာမှာ ဓနုဒေသကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုနဲ့ပူးပေါင်းပြီး စီမံကိန်းတစ်ခု ရေးဆွဲဖို့ စတင်ဆောင် ရွက်နေပါတယ်။ ဓနုမှာ ပင်းတယဒေသတွေ ပါဝင်တယ်။ ခရီးသွားဒေသအဖြစ် ဖွံ့ဖြိုးလာဖို့ ယဉ်ကျေးမှု ရေခံမြေခံကောင်းတွေရှိတယ်” ဟု ပြောသည်။ 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့တွင် ပင်းတယ ရွှေဥမင်လိုဏ်ဂူတော်၊ ကုံလုံကျောင်းတိုက်၊ ကုံလုံဆရာတော်ဘုရားဂူဗိမာန်များရှိပြီး ဓနုလူမျိုး၊ ပအိုဝ်းလူမျိုးတို့၏ ကျေးရွာများ၊ ယဉ်ကျေးမှုဓလေ့များ၊ သဘာဝရှုခင်းများကို နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမှုအများဆုံးဖြစ်သည်ဟု ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောသည်။ဒေါက်တာအောင်မြတ်ကျော်က “ခရီးစဉ် Destination အသစ်တွေကို စနစ်တကျ ဖွံ့ဖြိုးလာတဲ့ ခရီးသွားဒေသတွေဖြစ်လာဖို့ ဆောင်ရွက်သွားရမယ်။ Tourism  နဲ့အတူ ဒေသခံပြည်သူတွေ ဖွံ့ဖြိုးလာအောင်ဆောင်ရွက်ဖို့က အဓိကအချက်ပါပဲ” ဟု ပြောသည်။ 

ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်လည်း ခရီးစဉ်ဒေသအသစ်များအဖြစ် ဖော်ထုတ်လျက်ရှိပြီး ကယားပြည်နယ် ခရီးသွားဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် နယ်သာလန်နိုင်ငံနှင့် ဟိုတယ်၊ ခရီးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ဓနုဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ်သတ်မှတ်ခဲ့ပြီး ပင်းတယမြို့အပြင် ရွာငံမြို့လည်း ပါဝင်သည်။ 

Mizzima

No comments:

Post a Comment