Tuesday, May 20, 2014

အိမ်ထောင်ရှိအမျိုးသမီးအား တရုတ်ထံရောင်းစားသူများကို ဖမ်းဆီး

မကွေး၊ မဇ္ဈိမ။ ။ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတို့က ခေါ်ဆောင်၍ ရောင်းစားခဲ့သူ ဝေဖြိုးနှင့် စန်းစန်းအေးတို့ကို မကွေး၊ မြို့သစ်မြို့မရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် ဖမ်းဆီး စစ်ဆေး နေသည်ဟု မြို့သစ် မြို့မရဲစခန်းက မေ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီ ၂၅ ရက်ကတည်းက တောင်ငူခရိုင်၊ အုတ်တွင်းမြို့မရဲစခန်းတွင် ရောင်းစားခံရသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက လူပျောက်မှုဖြင့် တိုင်တန်းခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အဆိုပါအမျိုးသမီးသည် အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၈)ရပ်ကွက်တွင် ခင်ပွန်းဖြစ်သူနှင့် နေထိုင်ခဲ့ပြီး သူမ၏မိဘများနေထိုင်သော မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အိုင်တိုကျေးရွာသို့ ပြန်လာရာ လမ်းခရီးတွင် အမည်မသိအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့နှင့် ခင်မင်ရင်းနှီးခဲ့သည်ဟု ဆိုသည်။

၎င်းနှစ်ဦးမှာ မချို၏ အိုင်တိုကျေးရွာသို့ အလည်လိုက်လာခဲ့ပြီး အဆိုပါ လင်မယားက မန္တလေးမြို့ အထည်ဆိုင်တစ်ဆိုင်တွင် လစာကောင်းကောင်းဖြင့် အလုပ်သွင်းပေးမည် ပြောသည့်အတွက် လိုက်သွားခဲ့ကာ သင်္ကြန်အပြီးမှာ ပြန်လာမည်ဟု ပြောဆိုသွား သော်လည်း ပြန်မလာ၍ ခင်ပွန်းဖြစ်သူက လူပျောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မချို၏ ညီမ မစိုးစိုးဝေသည် သူမ၏အစ်မကို ခေါ်သွားသော အမျိုးသား၏ ဖုန်းနံပါတ်ကိုသိ၍ မေ ၁၆ တွင် နေပြည်တော်ဘူတာသို့ ချိန်းဆိုလိုက်ရာ စောင့်ဆိုင်းနေကြသော အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို မီးရထားရဲတပ်ဖွဲ့၏ အကူအညီဖြင့် ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ အမည်မသိနှစ်ဦးကို ကျဉ်တောင်ကန်ရဲစခန်းသို့ ပို့အပ်စစ်ဆေးရာ ရှမ်းပြည်နယ်၊ ဟိုပင်မြို့တွင် နေထိုင်သူ ဝေဖြိုး(ခ) မျိုးထက်(ခ) မောင်ဇော် (၃၆)နှစ်နှင့် ပါလာသူမှာ ဇနီး စန်းစန်းအေး(ခ) နီလာ(၂၃)နှစ်တို့ဖြစ်သည်။

"လူကုန်ကူးတဲ့ သူတွေက နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ မကွေးမြို့တွေထိ ရောက်လာ ကြပြီ။ တောရွာတွေအထိဆင်းပြီး မရှိဆင်းရဲသား မသိနားမလည်သူတွေကို မက်လုံးပေးနေကြတာ။ ယခုဟာက တိုင်သူရှိမှ ဖမ်းနေကြတာ များတယ်လေ" ဟု မကွေးမြို့ သိင်္ဂါရပ်ကွက် မှ ခင်းပွန်းသည်ကို ထိုင်းသို့ရောင်းစားခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဝေဖြိုးနှင့် စန်းစန်းအေးတို့ လင်မယားခေါ်ဆောင်သွားခဲ့သော အမျိုးသမီးကို တရုတ်နိုင်ငံ၊ ရွှေလီ မြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး (အမည်မသိ) တရုတ်တစ်ဦးထံ ယွမ် တစ်သောင်းကျပ်ဖြင့် ရောင်းစားခဲ့သည်ဟု အစစ်ခံသည်။

ဝိုင်းအောင်
Mizzima - News in Burmese

No comments:

Post a Comment