Saturday, May 3, 2014

တစ်နိုင်ငံလုံးရှိ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာန၏ ၀န်ထမ်းအိမ်ရာများနှင့် ပြည်သူ့အိမ်ရာများ၏ အိမ်ငှားရမ်းခများ ဧပြီလမှစ၍ တိုးမြှင့်ကောက်ခံမည်

ရန်ကုန်မြို့ရှိ ၀န်ထမ်းအိမ်ရာဖြစ်သည့် ရွှေဂုံတိုင်အိမ်ရာကို ပြန်လည်မပြုပြင်မီက တွေ့ရစဉ်
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲထားသည့် ၀န်ထမ်းအိမ်ရာများနှင့် ပြည်သူ့အိမ်ရာများကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ အိမ်ငှားရမ်းခများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် နှုန်းထားသစ်များဖြင့် တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
"မဆလခေတ် လက်ထက်ကတည်းက ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ အလားတူ နိုင်ငံတော် ငြိမ်ဝမ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က ဆောက်ထားတဲ့ အဆောက်အအုံတွေရှိတယ်။ ကျွန်တော်တို့ ယခင်ကောက်ခံခဲ့တဲ့ အိမ်လခနှုန်းထားတွေက အခုခေတ်နဲ့ပြန်ပြီး ကြည့်မယ်ဆိုရင် အင်မတန် နည်းပါးနေပါတယ်။ ပြည်သူ့အိမ်ရာတွေ ၀န်ထမ်းအိမ်ရာတွေဟာ နှစ်ကာလ ကြာမြင့်လာတာနဲ့အမျှ ပြုပြင်ထိန်းသိမ်းမှု နည်းပါးလာတာနဲ့အမျှ မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်တာတွေ တွေ့လာရမယ်။ ဒီအတွက် ကျွန်တော်တို့က သင့်တော်တဲ့ ရန်ပုံငွေထုတ်ပြီးတော့ ပြုပြင်ရမယ့် အနေအထား ရှိလာပါတယ်။ 


 ဒီလိုထုတ်သုံးနိုင်ဖို့ အတွက်ကို တစ်ဖက်တစ်လမ်း ကနေပြီးတော့ ဘယ်လိုဆောင်ရွက်လို့ ရမလဲဆိုပြီးတော့ သင့်တော်မယ့် နည်းလမ်းတွေကို စဉ်းစားလိုက်တဲ့အခါမှာ အိမ်လခတွေကို သင့်တော်တဲ့ နှုန်းထားတွေနဲ့ တိုးမြှင့်ကောက်ခံပြီးတော့ နှစ်စဉ်နှစ်စဉ် နိုင်သမျှ ရန်ပုံငွေထုတ်သုံးပြီးတော့ ပြုပြင်သွားမယ်ဆိုရင် အဆောက်အအုံတွေရဲ့ ရုပ်ပြလည်း ကောင်းလာမယ်ဆိုတဲ့ အမြင်နဲ့ အဆင့်ဆင့် တင်ပြဆောင်ရွက်ပြီး အိမ်လခတိုးမြှင့် ကောက်ခံဖို့ ဖြစ်လာတာပါ" ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။
ယင်းသို့ တိုးမြှင့်ကောက်ခံမည့် နှုန်းထားသစ်အရ ရန်ကုန်မြို့ မြို့စွန်ဧရိယာရှိ အိမ်ရာများကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ နှုန်းထားများနှင့် တစ်ပြေးညီသတ်မှတ် ကောက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း ဧရိယာရှိ အိမ်ရာများတွင်မူ ၂၅ ရာခိုင်နှုန်း အပိုထပ်ဆောင်း ကောက်ခံသွားမည်ဟု သိရသည်။
"ဥပမာအားဖြင့် မြို့စွန်မှာ ၁၀၀၀၀ ကျမယ်ဆိုရင် မြို့တွင်းမှာ ၁၂၅၀၀ ပေးရမှာဖြစ်တယ်။ အမှုထမ်းဆိုရင် လစာရဲ့ သုံးရာခိုင်နှုန်းဖြစ်ပြီး အရာထမ်းဆိုရင် လစာရဲ့ ငါးရာခိုင်နှုန်း ဖြစ်ပါတယ်။ ဦးစီးအရာရှိဆိုရင် သူ့လစာမူရင်း ၁၄၀၀၀၀ ကျပ်ဖြစ်တယ်။ ၁၄၀၀၀၀ ရဲ့ ငါးရာခိုင်နှုန်းဆိုရင် ၇၀၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးဆိုရင် သူ့ရဲ့အမြင့်ဆုံးလစာက ၂၅၀၀၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ငါးရာခိုင်နှုန်း ၁၂၅၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ ရုံးအကူ၊ ရုံးစောင့်၊ သန့်ရှင်းရေး ၀န်ထမ်းတွေဆိုရင် နောက်ဆုံးလစာ ၇၅၀၀၀ ရတယ်။ သူ့ရဲ့သုံးရာခိုင်နှုန်း ၂၃၀၀ ကျခံရမှာဖြစ်တယ်" ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။
အဆိုပါတိုးမြှင့် ကောက်ခံမည့် နှုန်းထားများအရ အိမ်ခန်း၏ အကျယ်အ၀န်းကိုလိုက်၍ တစ်လလျှင် အနိမ့်ဆုံးကျပ် ၃၀၀၀ မှ အမြင့်ဆုံးကျပ် ၁၂၅၀၀ အထိရှိမည်ဖြစ်ပြီး အမှုထမ်းအိမ်ရာများကို အနိမ့်ဆုံးကျပ် ၂၃၀၀ မှ အမြင့်ဆုံး ကျပ် ၃၂၀၀ အထိ၊ အရာထမ်း အိမ်ရာများကို အနိမ့်ဆုံးကျပ် ၇၀၀၀ မှ အမြင့်ဆုံးကျပ် ၁၂၅၀၀ ရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ခန်းစုစုပေါင်း ၁၁၆၀၀ ခန်းရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုစုပေါင်း ၅၃၀၀ ခန်းရှိကြောင်းနှင့် မြို့ပြအိမ်ရာနှင့် ညီညွတ်အောင် ပြန်လည်ပြုပြင် နိုင်ရေးအတွက် ရည်ရွယ်ပြီး တိုးမြှင့်ကောက်ခံ ရခြင်းဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment