Saturday, May 3, 2014

တောင်ငူမြို့ မြကျွန်းသာလမ်း မီးလောင်မှု ထမင်းပေါင်းအိုးမှ စတင်လောင်ကျွမ်းကြောင်း စစ်ဆေးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြကျွန်းသာ ၂ လမ်းတွင် မေလ (၁) ရက်နေ့ မွန်းလွဲ ၁ နာရီက လူနေအိမ်တစ်ခုမှ လောင်ကျွမ်းခဲ့သော မီးကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပြာကျခဲ့ပြီး အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျား၊ မ စုစုပေါင်း ၉၀ နီးပါး မီးဘေးဒုက္ခ ရောက်ခဲ့ရသည့် ဖြစ်စဉ်မှာ အဆိုပါလမ်းနေ ဦးကိုကိုနိုင် (ခ) ကိုပေါလ်၏ နေအိမ်မှ ထမင်းပေါင်းအိုးဖြင့် ထမင်းချက်စဉ် စတင် လောင်ကျွမ်းခဲ့ကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးထင်အောင်လင်းက ပြောကြားသည်။
“စစ်ဆေးပေါ်ပေါက်ချက်အရ အခင်းဖြစ်ပွားချိန်မှာ ဦးကိုကိုနိုင်ရဲ့ နေအိမ်မှာ ထမင်းပေါင်းအိုးနဲ့ ချက်ပြုတ်ထားတဲ့ အခြေအနေ တွေ့ရတယ်။ သူတို့အိမ်က စတင်လောင်ကျွမ်းတယ် ဆိုတာလည်း မျက်မြင်သက်သေတွေ ရှိပါတယ်။ အခု သူတို့လည်း ဝန်ခံထားပြီးပါပြီ” ဟု မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တောင်ငူမြို့နယ် အမှတ်၂ ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းအရာရှိ တစ်ဦးက ဆိုသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ ခန့်တွင် မီးညွှန့်ကျိုးကာ ညနေပိုင်းတွင် မီးလုံးဝ ငြိမ်းသွားကြောင်းနှင့် မီးလောင်မှုကြောင့် လူနေအိမ် ၁၈ လုံး အပါအဝင် အနီးရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှ ဓမ္မစကူလ်း စာသင်ကျောင်းဆောင် တစ်ဆောင် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျား/မ စုစုပေါင်း ၈၉ ဦးကို ယင်းရပ်ကွက်ရှိ ကန်တော်ကျောင်းနှင့် ပွတ်စု ဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မီးစလောင်ချိန်မှာ အဖေက အိမ်က ဘုရားခန်းကို ပြင်နေချိန်ပါ။ မီးက မြန်လွန်းတော့ ဘာမှကို သယ်ချိန် မရလိုက်ဘူး။ ရွှေဆံတော်ဘုရားပွဲ ဈေးထွက်ဖို့ အဝတ်အထည်တွေနဲ့ အခွေတွေ ဝယ်ထားတာ မကြာသေးတော့ စုစုပေါင်း ခန့်မှန်းခြေ ကျပ် သိန်း ၅၀ ကျော်လောက် ဆုံးရှုံးသွားပါတယ်” ဟု မီးလောင်မှု စတင်ဖြစ်ပွားသည့် အိမ်ဘေးတွင် အိမ်ငှားရမ်း နေထိုင်သူ ဒေါ်ဖြိုးက ဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီအချိန်ကလည်း တောင်ငူမြို့မ ဈေးကြီး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၁၈ ရုံ၊ ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ဆိုင်ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး ဆုံးရူံးမှုတန်ဖိုး ကျပ်သိန်း ၆၀,၀၀၀ ကျော် ခန့်ရှိခဲ့ကြောင်း၊ တောင်ငူခရိုင်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဧပြီ ၃၀ ရက်နေ့အထိ မီးလောင်ကျွမ်းမှု ၁၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ် ဦးစီးဌာနနှင့် မြို့ခံများ၏ ပြောကြားချက်များအရ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment