Saturday, May 24, 2014

ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝ ပြန်ဆပ်နိုင်ခြင်း မရှိသေးဟုဆို

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် မိုးစပါးစိုက်ဧက ၂၄၃၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၄၃ ဒသမ ၅၆ ဘီလီယံနှင့် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၉၄ ဒသမ ၁၄ ဘီလီယံ ထုတ်ချေး ခဲ့သော်လည်း တောင်သူများထံမှ စိုက်ပျိုးစရိတ်ငွေများအပြည့်အဝ ပြန်လည်ရရှိခြင်း မရှိသေးကြောင်း မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြားသည်။
ယင်းချေးငွေများကို တောင်သူ ၃၅၉၂၂၂ ၏ လယ်ဧက ၂၄၃၀၀၀ အတွက် ထုတ်ချေးပေးခဲ့ရာ ၂၀၁၄ ခုနှစ် မေလ ၂၀ ရက်နေ့ထိ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေ၏ ၈၁ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် ဆောင်းစပါး စိုက်ပျိုးစရိတ် ချေးငွေ၏ ၁၅ ဒသမ ၉၁ ရာခိုင်နှုန်းသာ ပြန်လည် ရရှိထားသည်ဟု ၎င်းကပြောဆိုသည်။

၂၀၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် နောက်ဆုံးရက်မှာ ၂၀၁၄ ခုနှစ် မေလ ၃၁ ရက်နေ့ဖြစ်ရာ သတ်မှတ်ရက်ထက် နောက်ကျပေးဆပ်ပါက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နည်း ဥပဒေ (၃၃) အရ ချေးငွေအပြင် ဒဏ်တိုးပါ ပေးဆပ်ရမည်ဖြစ်၍ တောင်သူများအနေနှင့် ပိုမိုကုန် ကျမည် ဖြစ်ကြောင်း၊ ချေးငွေများ ပြန်လည် ပေးဆပ်ခြင်းမပြုပါက မြေခွန်တော် ဥပဒေအရ အရေးယူခံ ရမည် ဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောဆိုသည်။

မြန်မာ့စိုက်ပျိုးရေးဘဏ်က စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးရာတွင် ယင်းချေးငွေ ရရှိရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရရှိရေးအတွက် ကျပ် ၅၀၀၀ နှင့် ချေးငွေ စာအုပ်ဖိုး ကျပ် ၁၅၀၀ အပိုဆောင်း ပေးခဲ့ရသည်များ ရှိကြောင်း၊ ချေးငွေပြန်လည် ပေးဆပ်ရာ တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူး အတွက် ခရီးစရိတ် ထောက်ပံ့ရသည်များ ရှိသည်ဟု ငပုတောမြို့နယ်၊ သဲဖြူ ကျေးရွာမှ ဦးအောင်မန်း က ပြောဆိုသည်။

“ချေးငွေထဲကနေ ဘာကြေး၊ ညာကြေးတွေလည်း မပေးနိုင်ဘူး၊ အစိုးရနဲ့ ဆက်ဆံရတာ အချိန်ကုန်ပြီး အလုပ် ရှုပ်လွန်းလို့ ဘာချေးငွေမှကို မယူဘူး” ဟု ပုသိမ်မြို့ အရှေ့ကိုးသိန်းရပ်မှ လယ်သမားကြီး ဦးကျော်ဆန်းက ပြောကြားသည်။

နိုင်ငံတော်က ၂၀၁၂ ခုနှစ်က လယ်တစ်ဧက ငါးသောင်းနှုန်း ထုတ်ချေးပေးရာမှ ၂၀၁၃ ခုနှစ်တွင် ကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးခဲ့ကြောင်း၊ ယင်းသို့ ထုတ်ချေးရာတွင် တောင်သူအချို့နှင့် ကျေးရွာ အုပ်ချုပ်ရေး မှူးတို့မှာ လယ်မြေမရှိဘဲ ချေးငွေလိမ်လည် ရယူခဲ့မှုများရှိပြီး တောင်သူ အချို့မှာလည်း ရရှိလာ သည့် ချေးငွေများကို လယ်ယာကဏ္ဍတွင် အသုံးပြုခြင်း မရှိဘဲ လောင်းကစားခြင်းနှင့် လူသုံးကုန် ပစ္စည်များ အတွက် အသုံးပြုသူများလည်း ရှိသည်ဟု စိုက်ပျိုးရေးဌာန အငြိမ်းစား အမှုထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

စိုက်ပျိုးစရိတ်ချေးငွေမှာ ပြည်သူ့ဘဏ္ဍာငွေများ ဖြစ်သဖြင့် ပြန်ဆပ်ရမည့်ငွေများ ဖြစ်ကြောင်း၊ လယ် သမားကြီး များ အနေနှင့် စိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီ ရရှိရေးအတွက် ကြွေးကျန်ကင်းရှင်းရန် လိုပြီး ကြွေးကျန်ရှိပါက ယခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ နောက်ကျမည်ဟု ဧရာဝတီ တိုင်းဒေသကြီး မန်နေဂျာ ဦးခင်မောင်လွင်က ထပ်လောင်းပြောကြားသည်။

ယခင်က စိုက်ပျိုးစရိတ် ချေးငွေများကို ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခဲ့သော်လည်း ယခုနှစ်မှစ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၃ နှစ်အထိ အတိုးနှုန်း ၈ ဒသမ ၅ ကျပ်အတိုးနှုန်းရှိခဲ့ရာမှ ယခုနှစ် စိုက်ပျိုးစရိတ် ချေးငွေများကို ၅ ကျပ်နှုန်းသို့ လျှော့ချပေးခဲ့ကြောင်း၊ စိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ မြေတိုင်းစာရေး၊ စိုက်ပျိုးရေး မန်နေဂျာနှင့် သီးနှံမန်နေဂျာများ ပါဝင်သော ချေးငွေစိစစ် ထုတ်ပေးရေးအဖွဲ့များက စိစစ်ဆောင်ရွက် ပေး သွား မည် ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကို ၂၇၂ ဒသမ ၂၁ ဘီလီယံ ထုတ်ချေးပေး မည် ဖြစ်ပြီး ဇွန်လဆန်းပိုင်းမှ စတင်ထုတ်ချေးပေးမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment