Wednesday, May 21, 2014

မြို့နယ်ချင်းဆက်လမ်းပြင်ပေးရန် လူ ၃,၀၀၀ ဆန္ဒပြ

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်-မှတ်တိုင်-ပေါက်တော လမ်းမကြီး ပြင်ပေးရန် ပြည်ခရိုင် ပေါင်းတည် မြို့နယ်မှ ဒေသခံ အင်အား ၃,၀၀၀ ကျော်တို့က မေလ ၂၀ ရက်တွင် လမ်းလျှောက် ဆန္ဒပြတောင်း ဆိုလိုက်သည်။
ယင်းနေ့နံနက် ၈ နာရီတွင် စတင်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသည် ပေါင်းတည်မြို့၊ မှတ်တိုင်ကျေးရွာအုပ်စုမှ စတင်ထွက်ခွာကာ ဘုရားကြီးလမ်း၊ ရွှေတောင်လမ်း၊ (၆)လမ်း၊ (၅) လမ်း အစရှိသည့်ပေါင်းတည် မြို့ ပေါ်လမ်းများတစ်လျှောက် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
“ထိန်းသိမ်းမှုမရှိလို့ လမ်းကြီးက ပျက်စီးနေတယ်။ သက်ဆိုင်တဲ့ပုဂ်္ဂိုလ်တွေက တာဝန် သိသိနဲ့ ကောင်း ကောင်းမွန်မွန် ပြင်ဆင်ပေးဖို့ ဒီနေ့ ဆန္ဒဖော်ထုတ်တာ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ကပြောသည်
အဆိုပါလမ်းသည် ပဲခူးတိုင်းအနောက် ခြမ်း ပြည်ခရိုင်အတွင်းရှိနေပြီး သာယာဝတီ၊ ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်းနှင့် ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများသို့ ဆက်သွယ်ပေးထားရာ လမ်းပြင်ဆင်ပြီးပါ က အချိန်တိုအတွင်း ခရီးတိုဖြင့် အလွယ်တကူသွားလာနိုင်မည်ဖြစ်သည်။
“အဓိကတော့ ဒီလမ်းဟာ နဂိုကတည်းက ရှိခဲ့ပြီး ပေါင်း တည်ကနေ ပေါက်ခေါင်း ကို သွားတဲ့ ဖြတ်လမ်းပဲ။ ဒါပေမဲ့ ၈၈ နောက်ပိုင်း တစ်ခါပဲပြင်ပြီး ပစ်ထားတော့ ပျက်နေပြီ။ လမ်းက ဆိုင်ကယ်တွေ၊ ကား တွေ၊ လှည်းတွေမပြောနဲ့ လူတောင် အနိုင်နိုင် သွားနေရတယ်” ဟု အထက်ပါ ဆန္ဒပြ ခေါင်းဆောင်က ဆိုသည်။
လမ်းအရှည် ရှစ်မိုင်ရှည်လျားသည့် အဆိုပါ မြေသားလမ်းတွင် ကျေးရွာအုပ်စု ၁၅ ခုမှ ကျေးရွာပေါင်း ၅၀ ကျော်၊ လူဦး ရေ ၂၀,၀၀၀ ကျော် မှီခိုအားထားနေရကြောင်း ဒေသခံများကပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကာလ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းလမ်းကို ပြုပြင်ပေးမည်ဟု မဲဆွယ်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း သိန်းက အစည်းအဝေးတစ်ခုတွင် လမ်းပြင်မည်ဟု ပြောဆိုသော်လည်း ယနေ့အထိ လမ်းမခင်းသေးကြောင်း ဆန္ဒ ဖော်ထုတ်သူ ဦးမြင့်ဆွေဇင်က ဝေဖန်ထားသည်။
“ကျွန်တော်တို့ကို နှစ်သိမ့်တဲ့သဘောပေါ့။ နှစ်မိုင်ခင်းမယ်ဆိုပြီး ကျောက်ပုံလေးတွေ လာပုံတယ်။ အခု အဲဒီကျောက်ပုံတွေ ပြန်သယ်သွားပြီ” ဟု ၎င်းက ဆိုသည်။ဆန္ဒဖော်ထုတ်ရန် မေလ ၁၃ ရက်တွင် ခွင့်ပြု ချက် လျှောက်ထား ခဲ့ပြီး မေလ ၁၈ ရက် တွင် ခွင့်ပြုချက်ချထားပေးခဲ့သည်။
Mizzima - News in Burmese

No comments:

Post a Comment