Thursday, May 22, 2014

NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းကင်ဆာဖြင့် ကွယ်လွန်

Photo: NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အသည်းကင်ဆာဖြင့် ကွယ်လွန် 
Thursday, May 22, 2014

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို စတင်တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း NDF ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးတိုးတိုးက ပြောကြားသည်။

ဒေါက်တာသန်းငြိမ်းသည် အသည်းကင်ဆာ ကုသရန်အတွက် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ကွယ်လွန်ခြင်း ဖြစ်ပြီး မေလ ၂၃ ရက်နေ့ ရေဝေးသုဿန်တွင် သဂြိုဟ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ ပါတီအတွက်တော့ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ” ဟု ၎င်းကဆိုသည်။

ဒေါက်တာသန်းငြိမ်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ချိန်တွင် ခွဲထွက်ကာ NDF ပါတီကို တည်ထောင်၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ 

NLD ပါတီမှ ခွဲထွက်သွားသော်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီး နေသောကြောင့် ဝမ်းနည်းမိပါကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“သူ့ကို နိုင်ငံရေးအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ပြီး ဆေးရုံတက်နေစဉ်မှာ သွားမေးမြန်းခဲ့ပါတယ်။ နောက်ဆုံးခရီးကိုလည်း NLD ပါတီက လိုက်ပို့မှာပါ” ဟု ၎င်းကဆိုသည်။

ဒေါက်တာသန်းငြိမ်းသည် ရန်ကုန်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ၁၉၆၃ ခုနှစ်တွင် ရရှိခဲ့ပြီး ကုလသမဂ္ဂ စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် သီရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆ အထိ) ဆောင်ရွက်ခဲ့သော်လည်း ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။

စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့်လည်း ယောက်ဖတော်စပ်သူ ၎င်းသည် ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသို့ ပါတီဝင် တစ်ဦးအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့ကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။

၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စ ဆောင်ရွက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နီးပါး ကျခံခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ထို့နောက် NLD ပါတီ ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုသောကြောင့် နုတ်ထွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း တည်ထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကျန်းမာရေး အခြေအနေအရ ပါတီခေါင်းဆောင် တာဝန်ကို ပြောင်းလဲ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သွားချိန်တွင် အသက် ၇၆ နှစ်ရှိပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် အချိုးကျ ကိုယ်စားပြု မဲပေးစနစ် (PR) ကို မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်း စတင် အရေးဆိုခဲ့သူ တစ်ဦးဖြစ်ကာ နိုင်ငံရေးစာပေများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင် ရှင်းတမ်း စာတမ်းနှင့် တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။

The Voice Weekly အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို စတင်တည်ထောင်သူ ဥက္ကဋ္ဌဟောင်း ဒေါက်တာသန်းငြိမ်းသည် မေလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း NDF ပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ဦးတိုးတိုးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment