Thursday, June 5, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးသူစာရင်း ရဲတပ်ဖွဲ့ဝင်များက တောင်းဆို

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့တွင် ဇွန်လ ၁ ရက်နေ့မှ စ၍ ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၃၄၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ် ရေးထိုးပွဲများ ပြုလုပ်လျက် ရှိရာ လက်မှတ်ထိုးသူ စာရင်းကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နေ့စဉ် တောင်းခံလျက် ရှိကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောကြားသည်။

“ခရိုင်ကနေ ညွှန်ကြားလို့ တောင်းခိုင်းတာ ဆိုပြီး လာတောင်းတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက ပြောတယ်။ ဒါပေမဲ့ သူလာတောင်းတာက အလွတ်သဘော၊ သတင်းအတွက် လာမေးတဲ့ပုံစံ၊ ကျွန်တော်တို့ကလည်း လက်မှတ်ထိုးတဲ့ လူစာရင်းကို ပေးပိုင်ခွင့် မရှိတဲ့အတွက် မပေးဘူး။ တကယ်လိုအပ်ရင် ရုံးပိုင်းဆိုင်ရာ တရားဝင် ညွှန်ကြားစာနဲ့ လာတောင်းပါ ဆိုပြီး လာတောင်းတဲ့သူကို ရှင်းပြလိုက်တယ်။ ဒီနေ့တော့ လာမတောင်းသေးဘူး” ဟု ၎င်းက ဇွန်လ ၄ ရက်နေ့တွင် ပြောကြားသည်။

ကလေးဝမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ကျေးရွာများတွင် မေလ ၂၇ ရက်နေ့ မြို့ပေါ်တွင် ဇွန်လ ၁ ရက်နေ့မှ စ၍ လက်မှတ်များ ကောက်ခံလျက်ရှိရာ လက်ရှိအချိန်ထိ မြို့ပေါ်ဒေသခံ လက်မှတ်ရေးထိုးသူ လူဦးရေ ၅၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း ယင်းမြို့နယ် ပါတီတာဝန်ရှိသူ များထံမှ သိရှိရသည်။

“ကျေးရွာတွေက စာရင်းတွေ ပေါင်းမကြည့်ရသေးဘူး။ ဇူလိုင်လ ၁၉ ရက်နေ့ထိ ပြုလုပ်မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်မှ ဘယ်လောက်ရှိတယ် ဆိုတာ ပြောနိုင်မယ်” ဟု ကလေးဝမြို့နယ် NLD ပါတီဝင် တစ်ဦးက ပြောဆိုသည်။

ကလေးမြို့တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးပွဲများ ပြုလုပ်လျက် ရှိသည်ကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ကလေးဝမြို့တွင် လက်မှတ်ရေးထိုးရန် စာရွက် ဝေငှ သည်ကိုသာ သိထားကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဝင်းက ပြောကြား သည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင်လည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးမှုအား ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်မေးမြန်းမှုများ ရှိကြောင်း ယင်းမြို့နယ် ပါတီထံမှ သိရပြီး ရဲတပ်ဖွဲ့အနေနှင့် NLD အပါအဝင် မည်သည့် ပါတီကိုမျှ နောက်ယောင်ခံ စောင့်ကြည့်မှုမျိုး မပြုလုပ်ခဲ့ကြောင်း၊ ပုဒ်မ ၄၃၆ ဆန္ဒထုတ်ဖော် လက်မှတ်ရေးထိုးပွဲကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးထားကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်သော်က ရှင်းပြထားသည်။


The Voice Weekly

No comments:

Post a Comment