Tuesday, June 17, 2014

မဟာသန္တိသုခကိုစီးနင်းပြီးသံဃာတွေကိုလူဝတ်လဲထောင် ချတာ ဒေဝဒတ်နည်းဖြစ်တယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြား

ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့တည်ဆောက်ထားတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကို မြန်မာအစိုးရက အလစ်အငိုက် အင်အားသုံး သိမ်းပိုက် ခဲ့တာ ဒေဝဒတ်လုပ်ရပ်လား။ ရွှေညဝါဆရာတော်ကတော့ ဒေဝဒတ်လို့ စွပ်စွဲလိုက်ပါပြီ။

မဟနလို့ လူသိများတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မြန်မာအစိုးရဟာ ရဲနဲ့စွမ်းအားရှင်တွေ၊ တိုင်းသံဃာ့အဖွဲ့ စတဲ့အင်အားတွေသုံးပြီး အဓမ္မတဲ့စီးနင်းပြီး သံဃာတော်တွေကို ဖမ်းဆီးခဲ့တာဟာ အောက်တန်းကျတဲ့ ဒေဝဒတ်နည်းဖြစ်တယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြားလိုက်ပါပြီ။

မဟနရဲ့ ဓမ္မစက်ကို အစိုးရက အာဏာစက်သုံးပြီး မဟာသန္တိသုခကျောင်းကို အဓမ္မ စီးနင်းသိမ်းပိုက်ခဲ့တာဟာ ဝိနည်းနဲ့ညီတယ်လို့ သူ့ကိုယ်သူ နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ်လို့ ပြောတဲ့ ဦးအံ့မောင်က တုံ့ပြန်ခဲ့ပေမယ့် ဒီလုပ်ရပ်ဟာ အင်မတန် အောက်တန်းကျသလို ဗုဒ္ဓဘာသာဝင်တွေကို စော်ကားလိုက်တာလို့ ဆရာတော်က မိန့်ပါတယ်။ မဟနဆရာတော်ကြီးတွေဟာ ဖြစ်ပြီးမှ သိရတာဖြစ်ပြီး အသုံးချခံခဲ့ရတယ်လို့ ပြောပါတယ်။

ပီနန်ဆရာတော်ကြီးရဲ့ တပည့်တွေဖြစ်တဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ငါးကို လူဝတ်လဲပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့အပေါ်  တရားရုံးတက်ရင် သင်္ဃန်းချွတ်ရမှာဖြစ်ပေမယ့် ဘာ့ကြောင့် အင်းစိန်ထောင်ကို ပို့တာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

မဟနရဲ့လုပ်ရပ်ဟာ ဝိနည်းတော်အရ မမှန်သလို မြန်မာအစိုးရရဲ့လုပ်ရပ်ဟာ တရားဥပဒေလမ်းကြောင်းအရလည်း မမှန်တာကြောင့် မြန်မာအစိုးရဟာ တာဝန်အရှိဆုံးပဲလို့ ဆိုပါတယ်။

ကာမာရွက်မီဒီယာ


 

1 comment:

  1. ထေရ၀ါဒ နိုင်ငံ ဖြစ်သောကြောင့် မြန်မာ့သံဃာတော်များဟာ
    ထေရ၀ါဒ အကျင့်တွေကိုကျင့်နေကြတာလား
    မဟာရာန အကျင့်တွေကို ကျင့်နေကြတာလားဆိုတာ တိတိကျကျသိဖို့လိုတယ်။
    မဟာရာန အကျင့်ဘာတွေလဲ ဆိုတာ သိသင့်တယ်။မြန်မာ့သံဃာတော်အချို့ဟာ
    မဟာရာန အကျင့်တွေ ကျင့်နေတာ တွေ့ရတယ်။ထောင်ကျတဲ့ သံဃာတေါဟာ
    မဟာရာန အကျင့်လောက်သာ ကျင့်နေတယ်ထင်တယ်။ဒါကြောင့်ဘာလုပ်သင့်သလဲ
    စဉ်းစားကျစမ်းပါ။

    ReplyDelete