Wednesday, June 25, 2014

ယခုနှစ် မေလသည် သမိုင်းတွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်လာ

(၂၀၁၄)ခုနှစ်၊ မေလသည် သမိုင်းတစ်လျှောက် ကမ္ဘာပေါ်တွင် အပူဆုံးမေလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုလေ့လာရေး ဌာန (NOAA)က ထုတ်ပြန်ခဲ့သော စာရင်းများတွင် ပြီးခဲ့သည့် မေလသည် သမုဒ္ဒရာ အပူချိန် အမြင့်တက်ဆုံး ဖြစ်လာပြီး နိုင်ငံပေါင်း များစွာ၏ ပျမ်းမျှအပူချိန်သည် ယခင်နှစ်များထက် များပြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
“ကမ္ဘာ့နိုင်ငံ အတော်များများမှာ သာမန်ထက် ပူနွေးခဲ့တယ်။ အပူချိန် အမြင့်ဆုံး ဒေသတွေကတော့ ကာဇက်စတန် အရှေ့ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်း တချို့၊ ပြီးတော့ ဩစတြေးလျ အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေ ဖြစ်ပါတယ်”ဟု NOAA၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ထို့အပြင် “သမုဒ္ဒရာကြီးတွေရဲ့ သက်ဆိုင်ရာ ဇုန်အလိုက် အပူချိန်ကလည်း စံချိန်တင် ပမာဏထိ မြင့်တက်ခဲ့ပါတယ်”ဟုလည်း ယင်းအစီရင်ခံစာက ဆိုသည်။ (၂၀၁၄)ခုနှစ်၊ မေလတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စုစုပေါင်း ပျမ်းမျှအပူချိန်သည် (၅၉.၉၃)ဒီဂရီ ဖာရင်ဟိုက် ရှိသည်။ ထို့ကြောင့် (၂၀)ရာစု၏ ပျမ်းမျှ အပူချိန်ထက် (၁.၃၃)ဒီဂရီ ဖာရင်ဟိုက် ပိုမိုမြင့်မားကြောင်းလည်း NOAAက ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ အပူချိန် မှတ်တမ်းများကို (၁၈၈၀)ပြည့်လွန်နှစ်က စတင်ပြုစုလာခြင်း ဖြစ်သည်။ မှတ်တမ်းများက (၂၀)ရာစု ပျမ်းမျှအပူချိန်ထက် ပိုမိုပူနွေးခဲ့သည်မှာ (၃၅၁)လမျှ ဆက်တိုက်ကြာရှည်ခဲ့ပြီဟုလည်း ညွှန်ပြနေသည်။
နှစ်အလိုက် တိုင်းတာမှုများတွင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အပူနွေးဆုံး နှစ်များအဖြစ် အယ်လ်နီညို ရာသီဥတု ကျရောက်ခဲ့သည့် (၁၉၉၈)နှင့် (၂၀၁၀)တို့က ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်းလည်း သိရသည်။
7 Day Daily

No comments:

Post a Comment