Thursday, June 26, 2014

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone အား သီးခြားခွဲထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေးတည်ရှိသည့် ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်

ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု များပြားနေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များအား သီးခြားစီ ခွဲခြားထားသည့် ပုံစံဖြင့် တည်ဆောက်မည်မဟုတ်ဘဲ ရောထွေး တည်ရှိသည့် ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သီလ၀ါ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီမှ ဇွန် ၂၅ ရက်က သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်အားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံ သားနှင့် နိုင်ငံခြားသား
ရင်းနှီးမြှုပ်နှံသူများအား ၀င်ငွေခွန်ကင်း လွတ်ခွင့် အမြင့်ဆုံး ခုနစ်နှစ်နှင့် ရင်းနှီးတည်ဆောက်သူများအား ၀င်ငွေခွန် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပေးထားသည့် အချက်များ ပါဝင်သော မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၃ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဇန်န၀ါရီ ၂၅ ရက်က ဖော်ပြခဲ့သည်။

အဆိုပါ ဥပဒေအရ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကင်းလွတ်ဇုန်အတွင်း လုပ်ကိုင်ပါက စီးပွားဖြစ်လည်ပတ်သည့် ပထမနေ့မှ ၀င်ငွေခွန် ခုနစ်နှစ်အထိ ကင်းလွတ်ခြင်း၊ ရင်းနှီးတည်ဆောက်သူများအတွက် ရှစ်နှစ်အထိ ကင်းလွတ်ခွင့်ပြုခြင်း၊ လုပ်ငန်းမြှင့်တင်ရေး ဇုန်အတွင်း ဆိုပါက ဒုတိယငါးနှစ်အတွက် ၀င်ငွေခွန် ရာခိုင်နှုန်း ၅၀ သက်သာခြင်းနှင့် ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်များတွင် အမြတ်ငွေကို ပြန်လည် ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန် ပုံငွေထား၍ တစ်နှစ်အတွင်း ပြန်လည်မြှုပ်နှံ ပါက မြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် ရာခိုင်နှုန်း ၅၀ ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုကြောင်း အခန်း ၈ ပုဒ်မ ၃၂ တွင် ပြဋ္ဌာန်းထားသည်။

အလားတူ ရင်းနှီးတည်ဆောက်သူများ အနေနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လုပ်ငန်းသုံးများ စသည့်အခြေခံ အဆောက်အအုံဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကုန်ကြမ်းပစ္စည်းများနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များအား အကောက်ခွန်နှင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်းများ ခွင့်ပြုထားသည်။

အထက်ပါ ကင်းလွတ်ခွင့်များအပြင် လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ မြှုပ်နှံသူများ အနေဖြင့် ရောင်းကုန် မဟုတ်သည့် စက်ပစ္စည်းများနှင့် အရန်များ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးပစ္စည်းများ လုပ်ငန်းအတွက် လိုအပ်သည့် ပစ္စည်းများကို လုပ်ငန်းစတင်သည့်နှစ်မှ ငါးနှစ်အတွင်း အကောက်ခွန်နှင့် အခြားအခွန်များ ကင်းလွတ်ခွင့်နှင့် နောက်ထပ်ငါးနှစ်အတွက် ရာခိုင်နှုန်း ၅၀ အခွန်ကင်းလွတ်ခွင့်များ ခွင့်ပြုပေးထားကြောင်း ဥပဒေပါ အချက်များအရ သိရသည်။

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည့် သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က)တွင် အမေရိကန်၊ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စက်ရုံပေါင်း ၄၅ ရုံအား နေရာချထားပေးရန် ကနဦး သတ်မှတ်ထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အစုရှယ်ယာများ ရောင်းချ စဉ်က ရောင်းချရန် လျာထားသည့် ရှယ်ယာအရေအတွက်ဖြစ်သည့် အစုရှယ်ယာပေါင်း ၂ ဒသမ ၁၄၅ သန်းအတွက် ၀ယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်းမှာ အစုပေါင်း လေးသန်းကျော်ရှိနေပြီး ၀ယ်ယူရန် အဆိုပြုသည့် ပမာဏမှာ နှစ်ဆကျော် ရှိနေသဖြင့် လျာထားချက်ထက် ပိုနေသည့် အစုရှယ်ယာများအတွက် ငွေပြန်အမ်းမှု များပင် ပြုလုပ်ခဲ့ ရသည်။             

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် စတင်မြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်နိုင်ငံမှ ပုလင်းခွံ၊ သံဘူးခွံမျိုးစုံ ထုတ်လုပ်သည့် Ball ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကားအပို ပစ္စည်းများ ထုတ်လုပ်သည့် Toyo Radiator ကုမ္ပဏီတို့သည် မြန်မာ- ဂျပန် သီလ၀ါဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD) နှင့် မြေယာဝယ်ယူခြင်း ဆိုင်ရာ လက်မှတ်ရေးထိုးခြင်းကို ဇွန် ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်မည့် ဧရိယာ အဖြစ် မြေ ဧက ၆၀၀၀ နီးပါးအား ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ် အတွင်း မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား တည်ဆောက်အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ၂၀၁၂ ခန့်မှစ၍ စတင်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၃ တွင် အကောင်အထည် ပေါ်လာသည့်အတွက် တစ်နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံလိုသည့် နိုင်ငံတကာ ကုမ္ပဏီ အများအပြား ရှိနေသော်လည်း မြေဈေးနှုန်း ကြီးမြင့်လွန်းသည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြေဈေးနှုန်း သတ်မှတ်မှုအား လက်ရှိ ရန်ကုန်မြို့၏ စက်မှုဇုန်ဈေးနှုန်းများထက် နည်းပါးစေရန် လုပ်ဆောင် မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

Eleven

No comments:

Post a Comment