Tuesday, July 8, 2014

အင်းဝမြို့ဟောင်းကို စမ်းသပ်တူးဖော်ရာမှ အုတ်မြောင်း လက်တံတစ်ခုတွေ့ရှိ

အင်းဝမြို့ဟောင်းရှိ ကျုံးနေရာ ပြန်လည်တူးဖော်နိုင်ရန် အတွင်းမြို့ရိုးကို စမ်းသပ်တူးဖော်မူများ ပြုလုပ်လျက် ရှိရာ ရှေးဟောင်းအုတ်မြောင်း လက်တံတစ်ခု တူးဖော်တွေ့ရှိခဲ့ကြောင်း၊ ရေသွင်းစနစ်ဟု ယူဆနိုင်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေး) ဌာန ခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အတွင်းမြို့ရိုးရဲ့ အနောက်မြောက်ထောင့်မှာ တူးလိုက်တော့ မြေလွှာရဲ့ အောက် တစ်ပေလောက်မှာ ရှေးဟောင်း အုတ်မြောင်းလို့ယူဆရတဲ့ အုတ်မြောင်းလက်တံတစ်ခုပေါ်လာတယ်။ မြောက်ဘက်မှာလည်း ဧရာဝတီမြစ်ဘက်ကနေ တက်လာတဲ့ အုတ်မြောင်းတစ်ခုရှိနေတယ်” ဟု ၎င်းက ဆိုသည်။

“ဒီအုတ်မြောင်းတွေက ဆက်စပ်နေတယ်။ ဒါကိုယူဆတာက လက်တံခွဲတဲ့ နေရာမှာ အရှေ့ဘက်ကိုသွားတဲ့ လက်တံ၊ အနောက်ဘက်ကို သွားတဲ့ လက်တံတွေရှိတယ်။ အရှေ့ဘက်သွားတဲ့ လက်တံက အရင်တုန်းက မြို့တွင်းကို ရေပေးတဲ့စနစ်၊ ရေသွင်းတဲ့ စနစ်ရှိတယ်လို့ ယူဆတယ်။ရေသွင်းတဲ့ စနစ်ကတော့ သေချာတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
နှစ်ပေါင်းခြောက်ရာကျော် သက်တမ်းရှိ အင်းဝကျုံးနေရာကို မေလကုန်ခန့်က စတင်စမ်းသပ်တူးဖော်နေခြင်းဖြစ်ပြီး ယင်းမြောင်းလက်တံကို ဇွန်လဒုတိယပတ်အတွင်း စတင်တွေရှိခဲ့ခြင်းဖြစ်သည်။
“တူးနေရင်း နွံကျုံးပဲဖြစ်ဖြစ်၊ ရေကျုံးပဲဖြစ်ဖြစ်ရှိခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့ရင် ပြန်တူးဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနမှာရှိပါတယ်။ ကျုံးကိုအနက်ကြီး မတူးဘဲ ကျုံးပုံစံအရာ အတိုင်းပဲ တူးပြီး ပြသသွားမှာပါ ”ဟု ၎င်းက ပြောသည်။
အင်းဝမြို့ကို ရှေးဘုရင်များ အစဉ်အဆက် စိုးစံခဲ့ကြပြီး ယခုတူးဖော်နေသော ကျုံးသည် ဘကြီးတော် ဘုရားလက်ထက်က ကျုံးဖြစ်သည်။

Mizzima

No comments:

Post a Comment