Tuesday, July 8, 2014

ညမထွက်ရအမိန့်ကြောင့် အဝေးပြေးယာဉ်နှင့် မီးရထား ထွက်ခွာချိန်များ ပြောင်းလဲ


မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် ဇူလိုင် ၃ ရက် ညနေ ၆ နာရီတွင် ညမထွက်ရ (၁၄၄) အမိန့်ထုတ်ပြန်ခဲ့သဖြင့် ရထားခရီးစဉ်များနှင့် အဝေးပြေးယာဉ်များ မန္တလေးမှ ထွက်ခွာချိန်တို့ကို ဇူလိုင် ၄ ရက်က စတင်ပြောင်းလဲခဲ့ရာ ညမထွက်ရအမိန့် ရုတ်သိမ်းချိန်အထိ ပြောင်းလဲထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ မထသ (အဝေးပြေး)အတွင်းရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

“ပဋိပက္ခဖြစ်စဉ်ကြောင့် အဝေးပြေးကားတွေ ပြေးဆွဲမှုကို အချိန်ပြောင်းလဲခဲ့ရတယ်။ တရားဝင်အမိန့်ကို စောင့်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကာဖျူးပိတ်ပြီးနောက်ပိုင်းမှ ပြန်လည် အစီအစဉ် ရေးဆွဲပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်” ဟု ဦးထွန်းဝင်းအောင်က ပြောသည်။
ပြောင်းလဲသည့်အချိန်များအဖြစ် ည ၉ နာရီ မှ နံနက် ၅ နာရီထိ မန္တလေးမှ ညပိုင်း ၉ နာရီနောက်ပိုင်း ထွက်ခွာသော ရထား နှင့် ယာဉ်လိုင်းများကို အချိန်ပြောင်းလဲ ထွက်ခွာစေခြင်းဖြစ်သည်။

ရထားခရီးစဉ်တွင် မတ္တရာရထားအမှတ်(၄၁)သည် ယခင် နံနက်၅-နာရီ ထွက်ခွာချိန်မှ ၅နာရီ ၁၅မိနစ်သို့ လည်းကောင်း၊ လားရှိုးစာပို့ရထားအမှတ် (၁၃၁) အဆန်ရထားမှာ ထွက်ခွာချိန် နံနက် ၄ နာရီမှ ၅ နာရီ ၅၀ သို့လည်းကောင်း၊ မြစ်ကြီးနားရထားအမှတ်-၃၇၊ အဆန်အထူး ရထားကို နံနက် ၄နာရီ ၃၀မိနစ်ထွက် ခွာချိန်မှ ၆ နာရီ ၁၅မိနစ်သို့ ၎င်းပြင်ဆင် ပြေးဆွဲခြင်းဖြစ်သည်။
ရန်ကုန်၊ နေပြည်တော်၊ လားရှိုး၊ မူဆယ်သို့ထွက်ခွာသည့် အဝေးပြေးယာဉ်လိုင်းများတွင် ည ၉ နာရီထက် နောက်မကျဘဲ ထွက်ခွာစေခြင်းဖြစ်သည်။

“ဘူတာမှာ အချိန်ပြောင်းထားတာကို ကြေညာထားပါတယ်။ လက်မှတ်ဝယ်ချိန် ပြောင်းစရာမလိုဘူး။ တန်း စီတဲ့သူတွေက ၀ီရိယထားပြီး မနက် ၄ နာရီတို့လာပြီး တန်းကြတာ။ ခရီးစဉ်အချိန်ပြောင်းတာကလည်း ခဏတာပါ။ ရထားအတိမ်းအရှောင်တွေ အဆင်ပြေအောင် လုပ်ထားတယ်”ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦး ပြောသည်။
အဆိုပါခရီးစဉ် အချိန်ပြောင်းလဲခြင်းကြောင့် ခရီးသည်များအတွက်သာ ထိခိုက်မှုရှိပြီး ရထားဖြင့် ကုန်စည် တင်ပို့သူများအတွက် ထိခိုက်သည့်အနေအထား လုံးဝမရှိကြောင်း၊ ကုန်စည်တင်ပို့မှုမှာ ပုံမှန်အတိုင်း လည် ပတ်လျက်ရှိကြောင်း မြစ်ကြီးနား -မန္တလေးကုန်တင် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုကြည်စိုးက ပြော သည်။

“ခရီးသည်တွေအတွက်ပဲ ထိခိုက်တာပါ။ ကုန်စည်တွေအတွက် လုံးဝမထိခိုက်သလောက်ပါပဲ။ ပုံမှန်အတိုင်း အလုပ်ဖြစ်ပါတယ်။ ကုန်ကလည်းရှိမှ တင်ဆိုတော့ မထိခိုက်တာလည်းပါ ပါတယ်”ဟု ၎င်းက ပြောသည်။

Mizzima

No comments:

Post a Comment