Tuesday, July 29, 2014

မန္တလေး ပဋိပက္ခအစ အမှုလိမ်တိုင်သူဆိုသူ ရဲထွဋ် အပါအဝင် သုံးဦးကို ဖမ်းမိ

လူမှုကွန်ရက်ပေါ်တွင် သတင်းတစ်ပုဒ် ပျံ့နှံ့ခဲ့ရာမှတစ်ဆင့် မန္တလေးမြို့တော်တွင် ဇူလိုင်လဆန်းပိုင်းက လူသေဆုံးသည်အထိ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ထိုပျံ့နှံ့ခဲ့သော အမှုနှင့် အခြားအမှုများကို လိမ်လည် တိုင်ကြားခဲ့သူဆိုသူ ရဲထွဋ် အပါအဝင် သုံးဦးကို ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖမ်းဆီးရမိထားပြီး ဖြစ်ကာ ၎င်းတို့ကို အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေလက ပြင်ဦးလွင် မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် သားမယားအဖြစ် ပြုကျင့်ခံရကြောင်း အမှုလိမ်လည် တိုင်တန်းခဲ့ပြီး ထွက်ပြေးနေသူဆိုသူ ဒေါ်မာလာနှင့် ဟေမာကျော်တို့ကို မြန်မာ- ထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးက လွှဲယူထားပြီး မကြာမီ ပြင်ဦးလွင်မြို့နယ်တွင် အမှုလိမ်လည် တိုင်ကြားမှုဖြင့် အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပျဉ်းမနားမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် အမှုများ လိမ်လည်တိုင်ကြားရန် စီစဉ်ပေးခဲ့သူ ရဲထွဋ်ကို နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးတွင် ထားရှိကာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကာ မှုခင်းစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (CID) က စုံစမ်းစစ်ဆေးနေပြီး စစ်ဆေး ဖော်ထုတ်ချက်များအရ အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
“ဟေမာန်ကျော်နဲ့ မာလာတို့ကို ထိုင်းနယ်စပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးရမိတယ်။ ထိုင်းရဲကနေ မြဝတီကို လွှဲပေးတယ်။ သူတို့နှစ်ယောက်က ပြင်ဦးလွင်မှာ အမှုဖွင့်ထားတာ ဖြစ်တဲ့ အတွက်ကြောင့် မန္တလေးကနေတစ်ဆင့် ပြင်ဦးလွင်ကို ပြန်လွှဲပေးမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ ပျဉ်းမနားမြို့တွင် ဘာသာခြား အမျိုးသားနှစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု ဆိုကာ အမှုဖွင့်တိုင်တန်းခဲ့ရာမှ အွန်လိုင်းတွင် ပျံ့နှံ့လှုံ့ဆော်မှုများကြောင့် ဖြစ်ခဲ့ပြီး အဆိုပါအမှုမှာ လိမ်လည်တိုင်တန်းခြင်း ဖြစ်သည်ဟု ဇူလိုင်လ ၂၀ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားထားသည့် သားမယား ပြုကျင့်မှုမှာလည်း လိမ်လည်တိုင်ကြားခြင်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

The Voice Weekly

No comments:

Post a Comment