Tuesday, July 1, 2014

ဝန်ကြီးချုပ်သစ်၊ လက်ကျန် (၁၈)လ၊ ရခိုင်ပြည်

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် တပ်မတော် အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် မောင်မောင်အုန်းအား ဇွန်လ (၃၀)ရက် နေ့တွင် ခန့်အပ် လိုက်သည်။
ထိုကဲ့သို့ ခန့်အပ်ခြင်း အပေါ် ရခိုင် ပြည်နယ်အား အမြင့်ဆုံး ရာထူးဖြင့် အုပ်ချုပ်သော သူသည် ရခိုင်လူမျိုး မဟုတ်သည့် အပြင် ရခိုင် လူထု ရွေးချယ် တင်မြှောက်သူလည်း မဟုတ်သည့် အတွက် ဝေဖန်မှုများ ရှိလာသည်။
““ပြည်နယ် အစိုးရပဲ ဖြစ်ဖြစ်၊ ပြည်နယ် လွှတ်တော်ပဲ ဖြစ်ဖြစ် အခန်း ကဏ္ဍမှာ ပြည်ထောင်စု သမ္မတ ကနေ ချပေး လိုက်မယ်၊ ချပေးလိုက်တဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်တို့က လွှတ်တော်မှာ အတည်ပြုမယ် ဆိုတဲ့ လမ်းစဉ် ကြီးဟာ ဘယ်လို ဖြစ်နေလဲ ဆိုတော့ ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့် တွေကို ပြည်ထောင်စု အစိုးရက ထိန်းချုပ် သွားတယ် လို့ ကျွန်တော်တို့က ယူဆတယ်””ဟုရခိုင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း The Messenger Media သို့ ပြောသည်။
ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား ၎င်း၏ သဘောထား ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဇွန်လ (၁၉) ရက်နေ့က နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးအား ဇွန်လ (၂၅) ရက်နေ့တွင် အရေးပေါ် ခေါ်ယူကာ နိုင်ငံတော် သမ္မတမှ ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အဆို တင်သွင်းခဲ့သည်။ ထို့နောက် (၂၇) ရက်နေ့အထိ ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့ကာ ကန့်ကွက်မည့်သူ မရှိသောကြောင့် ဇွန်လ (၃၀) ရက်နေ့တွင် ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။
““ကျွန်တော်တို့က ရွေးချယ်လိုက်တယ် ဆိုတဲ့ သဘောပါပဲ။ ခန့်အပ်တာကတော့ သမ္မတကြီးက ခန့်အပ်တာပါ။ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေအရ ခန့်အပ်တဲ့ အတွက် ဝေဖန်မှုတွေလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို မကျော်နိုင် ပါဘူး””ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးလှဟန်က The Messenger Media သို့ ပြောသည်။
ရခိုင်ပြည်နယ် ပြည်သူလူထုသည် ၀န်ကြီးချုပ်အား ရခိုင်လူမျိုးသာ တင်မြှောက်လို သော ဆန္ဒများ ရှိနေသည်။ ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရသော နေ့တွင် ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များအား လက်ဆွဲ နှုတ်ဆက်ခဲ့ပြီး၊ ရခိုင်တိုင်းရင်းသား များ၏ ဆန္ဒနှင့် အညီ အုပ်ချုပ်မည်ဟု ပြောဆို ခဲ့ကြောင်း သိရသည်။ ထို့အပြင် လျှပ်စစ်မီးကိုလည်း စစ်တွေ၌ လာမည့် ဒီဇင်ဘာလတွင် (၂၄) နာရီရအောင် လုပ်ပေးမည်ဟု ပြောကြား ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးလှဟန်ကမူ စစ်တွေမြို့ ၌ ဒီဇင်ဘာလတွင် (၂၄) နာရီ မီးရရန်မှာ ယခင်ကတည်းက လုပ်ဆောင် နေမှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
““ရခိုင်လူမျိုးတွေ အကုန်လုံးက ရခိုင် လူမျိုး ၀န်ကြီးချုပ်ကို လိုချင်တယ်။ ရခိုင်လူမျိုးတွေ ရွေးချယ်လိုက်တဲ့ အမတ်တွေထဲက ဖြစ်တဲ့ ရခိုင်လူမျိုး ၀န်ကြီးချုပ်ကို လိုချင်တယ်။ ဒါပေမဲ့ ဥပဒေက ဘာနဲ့သွားလဲဆိုတော့ ကျွန်တော်တို့ ရွေးကောက် တင်မြှောက်လိုက်တဲ့ ခုနစ်ဆယ့်နှစ် ရာခိုင်နှုန်းက ၀န်ကြီးချုပ် မဖြစ်ဘဲနဲ့ (၂၅) ရာခိုင်နှုန်းက ၀န်ကြီးချုပ်ဖြစ်သွားတယ်””ဟု ရခိုင်ပြည်နယ် ရပ်မိရပ်ဖ ဦးသန်းထွန်းက The Messenger Media သို့ ပြောသည်။
ရခိုင်ပြည်နယ်၏ အမြင့်ဆုံးအုပ်ချုပ်ရေး ကဏ္ဍကို ကိုင်တွယ်မည့် ပုဂ္ဂိုလ်တစ်ဦးအား ရခိုင်ပြည်နယ် လွှတ်တော်မှ တိုက်ရိုက် ရွေးချယ်ခွင့် မရှိခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်ဖြစ်ပြီး၊ ထောက်ပြရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။
““ကျွန်တော်တို့က မူအားဖြင့်တော့ ကန့်ကွက်ပါတယ်။ ရခိုင်တိုင်းရင်းသား ဖြစ်စေချင်တယ်။ ရွေးကောက်ခံ လွှတ်တော်အမတ် ဖြစ်စေချင်တယ်။ အမျိုးသား အကျိုးစီးပွားနဲ့ နိုင်ငံရေး အသိပညာ ယှဉ်ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ကျွန်တော်တို့ ပါတီက မကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်””ဟု ရခိုင် အမျိုးသားပါတီမှ တာဝန်ရှိသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က The Messenger Media သို့ ပြောသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းသည် ရခိုင် ပြည်နယ်နှင့် နီးစပ်သူ တစ်ဦးဖြစ်ပြီး၊ ရခိုင်လူထု ၏ ထောက်ခံမှု လိုအပ်ကာ တပ်မတော်ဘက် မှ ထောက်ပံ့နိုင်မည့် အနေအထားရှိကြောင်း ဒေါက်တာ အေးမောင်က သုံးသပ်သည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ် ခဲ့သော ဗိုလ်ချုပ် မောင်မောင်အုန်းသည် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်ပြီး၊ ရခိုင် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုသောကြောင့် ဇွန်လ(၂၀)ရက်နေ့က ရခိုင်ပြည်နယ် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်သည်။ မတ်လ (၂၆)ရက် နေ့နှင့် (၂၇)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများနှင့် NGO အဖွဲ့အစည်းတို့၏ ရုံးခန်းများ၊ ဂိုဒေါင်များ ဖျက်ဆီး ခံခဲ့ရပြီးနောက် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်အား ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။
ယခင်က ရခိုင်ပြည်နယ်၌ လျှပ်စစ် မီတာခ ဆယ်ယူနစ် အသုံးပြုလျှင် တစ်ယူနစ် လျှင် (၃၅) ကျပ် ကောက်ခံနေရာမှ ဗိုလ်ချုပ် မောင်မောင်အုန်း တာဝန် ယူသောနေ့တွင် မိနစ် (၂၀) အထိ တစ်ယူနစ်လျှင် (၃၅)ကျပ်နှုန်း ဖြင့် တိုးမြှင့် သုံးစွဲခွင့်ပြုခဲ့သည်။ ယခင်က ဆယ်ယူနစ် ကျော်ပါက တစ်ယူနစ်လျှင် ကျပ် (၃၅၀)အထိ ပေးဆောင် ရကြောင်းလည်း သိရသည်။
““မူကို မကြိုက်ဘူး၊ လူကိုတော့ ကြိုက် တယ်။ အခြေခံဥပဒေမှာ တိုင်းရင်းသား သာ ဖြစ်ရမည်ဆိုတဲ့ အခြေခံဥပဒေ အချက်ကလေး မပါခဲ့တာကို သူတို့ အခွင့်အရေးယူ ထားတယ်။ သမ္မတက သူ့စိတ်ကြိုက် လူတစ်ယောက်လွှတ် တယ်ပေါ့ဗျာ””ဟု ဥပဒေ ပညာရှင် ဦးသန်း မောင်(စစ်တွေ)က The Messenger Media သို့ ပြောသည်။
မြန်မာနိုင်ငံ၏ တခြား ပြည်နယ်များတွင် ၀န်ကြီးချုပ်များသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများဖြစ်နေပြီး၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တို့ကို အစိုးရမှ တိုက်ရိုက် ခန့်အပ်ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်များသည် တိုင်းရင်းသား များအား ကသိကအောက် ဖြစ်စေကြောင်းလည်း ဦးသန်းမောင် (စစ်တွေ) ကသုံးသပ်သည်။
အစိုးရ သက်တမ်းသည် တစ်နှစ်ခွဲခန့်သာ ကျန်ရှိတော့ရာ ဗိုလ်ချုပ် မောင်မောင်အုန်း အား ခန့်အပ်ခြင်းကို ဆန္ဒပြခြင်း မလုပ်သင့်ဘဲ စောင့်ကြည့်ရန်သာ လိုကြောင်းလည်း ရခိုင် တိုင်းရင်းသားတချို့က သုံးသပ်သည်။
ရခိုင်ပြည်နယ်သည် သယံဇာတများ ပေါကြွယ်ဝသော်လည်း မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တစ်ခု အဖြစ် ရပ်တည် လျက်ရှိရာ ပဋိပက္ခများကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ပိုမိုနိမ့်ကျ လာခဲ့ရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်မှစ၍ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ ကြား ပဋိပက္ခ များဖြစ်ပွားခဲ့ပြီး၊ ယခုအချိန် အထိ တစ်ဘက်နှင့် တစ်ဘက် ယုံကြည်မှု နည်းပါးလျက် ရှိသည်။
ဇွန်လ(၁၁)ရက် နေ့က မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေ Ms. Kyuang-Wha-Kang ရောက်ရှိခဲ့ပြီး၊ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်း များသို့ သွားရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုးတက်မှုများ ရှိသော်လည်း လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်သော နေရာတွင် ပေးရန်ခက်ခဲ နေကြောင်း ၎င်းက ပြောကြားခဲ့သည်။


The Messenger

No comments:

Post a Comment