Tuesday, July 1, 2014

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသစ်က လျှပ်စစ်မီတာခ ဆယ်ယူနစ်ထပ်မံလျော့ချပေးမည်ဟုဆိ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်သည့် အနေဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီတာခများ ယခင်က ဆယ်ယူနစ်သာ သုံးပါက
တစ်ယူနစ် ၃၅ ကျပ်ဈေးဖြင့် ကောက်ခံရာမှ ယခု ယူနစ်၂၀ အထိ ၃၅ကျပ် နှုန်းဖြင့်သာ ကောက်မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် ဗိုလ်ချုပ်မောင်မောင်အုန်းက မဇ္ဈိမကို ဇွန်လ ၃၀ရက်က ပြောကြားလိုက်သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဇွန် ၃၀ ရက်က ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုလိုက်သည်။
“ယနေ့ ကျွန်တော် ၀န်ကြီးချုပ်စတင်ဖြစ်တဲ့အချိန်မှာပဲ ပြည်နယ် အစိုးရနဲ့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ပြီးတော့မှ ယူနစ် ၂၀ လုံးလုံး တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ ပေးမယ်ဆိုရင် တစ်လကို 
ယူနစ် ၂၀ သုံးမယ်ဆိုရင် ငွေ ၇၀၀ ပဲကုန်မှာပေါ့။ ဒါဖြစ်အောင်လို့ ကျွန်တော် ညှိနှိုင်းဆောင်ရွက်ထားပါတယ်”ဟု မဇ္ဈိမကိုပြောသည်။
ရခိုင်ပြည်နယ်တွင် လျှပ်စစ်သုံးစွဲမှု ဆယ်ယူနစ်အထိသာ ၃၅ ကျပ်ဖြစ်ရရှိပြီး ၁၀ ယူနစ်ကျော်ပါက တစ်ယူနစ်လျင် ၄၅ကျပ်နှုန်း ပေးဆောင်ရသည်။ လက်ရှိတွင် ၁၀ ယူနစ်ထပ်မံတိုးမြှင့် 
လိုက်ခြင်းကြောင့် ယူနစ် နှစ်ဆယ် အထိ တစ်ယူနစ်လျင် ၃၅ ကျပ်သာ ကျခံရမည်ဖြစ်သည်။
ယူနစ်၂၀ ထက်ပို၍ သုံးစွဲပါက ပိုသောယူနစ် တစ်ယူနစ်စီအတွက် ၄၅ကျပ်ဖြင့် ပေးသွင်းရမည်ဖြစ်သည်။
“တကယ်စေတနာရှိရင် ဘယ်လောက်သုံးသုံးလျော့ပေးပေါ့ဗျာ။ ဆယ်ယူနစ်ဆိုတာ ဘာမှတော့မထိရောက်ပါဘူး”ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ အင်တာနက်ဆိုင်ပိုင်ရှင် ကိုမျိုးကျော်က 
မဇ္ဈိမကိုပြောသည်။
ရခိုင်ပြည်နယ် မြို့နယ် အချို့တွင် ရေအားလျှပ်စစ်စီမံကိန်းများကို စစ်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း ယနေ့အချိန်ထိ လျှပ်စစ်ဓာတ်အား ရရှိခြင်း မရှိသေးပေ။ 
မြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့ ထံမှ တင်ဒါယူ၍ စီးပွားရေးလုပ်ငန်းရှင်များက ဒေသတွင်းပြန်လည်ဖြန့်ဝေခြင်းဖြစ်သည်။
မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအကောင်အထည်ဖော်လျှက်ရှိသော ကျောက်ဖြူမြို့တစ်မြို့တည်းသာ လျှပ်စစ်မီတာဈေးနှုန်းများ သက်သာလျှက်ရှိပြီး အခြားမြို့များတွင် ဈေးနှုန်းမှာ 
တစ်ယူနစ်လျှင်၄၀၀ကျော်အထိမြင့်တက်လျှက်ရှိသည်။
ဖေဖော်ဝါရီ လအတွင်းက ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့သော သမ္မတ ဦးသိန်းစိန်က ရခိုင်တစ်ပြည်နယ် လုံး ဈေးနှုန်းသက်သာစွာဖြင့် လျှပ်စစ်မီးရရှိ စေရမည်ဟု ဂတိပေးခဲ့သေးသည်။

Credit To:Mizzima - News in Burmese

No comments:

Post a Comment