Thursday, July 24, 2014

ပီအာရ်စနစ် ဆွေးနွေးမည်ဖြစ်၍ ယနေ့ ပြည်သူ့လွှတ်တော်မတက်ရန် တိုင်းရင်းသားအမတ်များ ဆုံးဖြတ်

ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပီအာရ်စနစ် ကျင့်သုံးရန် အဆိုကို ဆွေးနွေး မည်ဖြစ်၍ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အများစု အစည်းအဝေး မတက်ရောက်ရန် ဆုံးဖြတ် လိုက်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၇ရက်ကပင် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်(ပီအာရ်) သို့ ပြောင်းလဲကျင့်သုံးခြင်းကို ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့
တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး စုပေါင်းလက်မှတ်ရေးထိုး၍ ကန့်ကွက်စာပေးပို့ ထားသည်။

ထိုသို့ ကန့်ကွက်ကြောင်း ပြောကြားထားသည့်တိုင် လွှတ်တော်တွင် ဆွေးနွေးပါက တိုင်းရင်းသား ကိုယ်စားလှယ်များ ရှုံးနိမ့်မည်သာဖြစ်၍ အစည်းအဝေးမတက်ရောက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်ကပြော သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းအဖွဲ့တွင်ပါဝင် သည့် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက အစည်းအဝေးမတက်ရန် ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စသည့် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။

ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ် ကျင့်သုံးရန် အတည်ပြု ပါက ပြည်နယ်ခုနစ်ခုတွင် ကန့်  ကွက်ကြောင်း ဆန္ဒထုတ်ဖော်မည်ဟု ကြေညာထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုတင်သွင်းမည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ဇင်က တိုင်းဒေသကြီးများတွင်သာ ပီအာရ်စနစ်ကျင့်သုံးရန်  တင်သွင်းမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများ၏ ကန့်ကွက်မှုမှာ အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိသောကြောင့် မည်သို့မျှပြောကြားရန်မရှိကြောင်း 7Day Daily အား ပြောကြားခဲ့သည်။

ပအိုဝ်း အမျိုးသားပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ(ကချင်ပြည်နယ်)တို့မှ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များကမူ အဆိုတင်သွင်းချက်ကို သွားရောက်နားထောင်မည်ဖြစ်ပြီး တိုင်းရင်းသားဒေသများဖြစ်သည့် ပြည်နယ် များပေါ်တွင် ထိခိုက်မှု ရှိ၊ မရှိကိုသာ မူတည်၍ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

7 Day daily

No comments:

Post a Comment