Wednesday, July 23, 2014

ဆင်းမ်ကတ်ချထားပေးရန် ပျက်ကွက်ပါ အရေးယူမည်

အော်ပရေတာများအနေဖြင့် ဆင်းမ်ကတ်များကို ပေးအပ်ထားသည့် ကတိအတိုင်း သတ်မှတ်ရက် အမီချထားပေးရမည်ဖြစ်ပြီး ချထားပေးနိုင်ခဲ့ခြင်း မရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသန်းထွန်းအောင် က ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက လိုင်စင်ရရှိခဲ့သည့် Ooredoo ကုမ္ပဏီသည် လိုင်စင်ရရှိပြီး ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကတ်များ ချထားပေးမည်ဟု ပြည်သူများကို ကတိပြုခဲ့သော်လည်း ချထားပေးနိုင်ခဲ့ခြင်း မရှိကြောင်း လေ့လာတွေ့ ရှိရသည်။ အော်ပရေတာများ၏ စည်းကမ်းဖောက်ဖျက်မှု ၊ ကတိမတည်မှုများကို လေ့လာစောင့် ကြည့်၍ အရေးယူဆောင်ရွက်ရသည်ကို လက်ရှိအချိန်၌ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက တာဝန်ဆောင်ရွက်သည်။

“ခြောက်လအတွင်းဆိုတာက သူတို့စလုပ်မယ်ဆိုတာကိုပြောတာပါ။ Commitment ကိုပြောတာမဟုတ်ပါဘူး။ သူတို့ Commitment က Ooredoo က သြဂုတ်၊ Telenor က စက်တင်ဘာပါ။ သူတို့ဒါကို လုပ်ကြပါလိမ့်မယ်။ Commitment ဆိုတာက လိုင်စင်စယူတုန်းက ဘယ်အချိန်မှာ အပြီးသတ်လုပ်ရမယ်ဆိုတာ Date တစ်ခုရှိပါတယ်။ ဒါကိုမလုပ်နိုင်ဘူးဆိုရင်တော့ အရေးယူဖို့ရှိပါတယ်” ဟု ဦးသန်းထွန်းအောင်က ပြောသည်။

ပြည်ပအော်ပရေတာနှစ်ခု လိုင်စင်စတင်ရရှိခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက Telenor သည် လိုင်စင်ရရှိပြီး ရှစ်လအတွင်း မိုဘိုင်းဖုန်းလိုင်းများ စတင်ချထား ပေးမည်ဖြစ်ကြောင်း ၊ Ooredoo သည်လိုင်စင်ရရှိပြီး ခြောက်လအကြာ ကာလအတွင်း မိုဘိုင်းဖုန်းလိုင်းများကို စတင်ချထားပေး မည်ဖြစ်ကြောင်း မီဒီယာများမှတစ်ဆင့် ပြည်သူများကို ကတိပေးပြောကြားခဲ့သည်။

မတ်လ ၂၅ ရက်နေ့၌ Ooredoo သည် အထူးသတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့၏ဆင်းမ်ကတ်များကို ၂၀၁၄ ခုနှစ်၏ တတိယလေးလပတ်အတွင်းမှ ချထားပေးနိုင်တော့မည်ဟု သတင်းထောက်များကို အသိပေးပြောကြားခဲ့သည်။ ထို့အပြင် ဈေးနှုန်းအနေဖြင့် ၁၅၀၀ ကျပ်အောက် ဖြစ်ရမည်ဟု ကတိပေးပြောကြားထားသည့် Ooredoo သည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချမည်ဟု တရားဝင် ကြေညာခဲ့သည်။

ပြည်ပမှ ဆက်သွယ်ရေး အော်ပရေတာနှစ်သည် လုပ်ငန်းခွင်၌ ပြည်တွင်းလုပ်သားများကို ရာနှုန်းပြည့်နီးပါး ထည့်သွင်းအသုံးပြုစေရေးနှင့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ ဧရိယာ ၉၀ ရာခိုင် နှုန်းနီးပါးကို ဆက်သွယ်ရေးကွန် ရက်လွှမ်းခြုံနိုင်စေရေး စသည့်တို့ကို မြန်မာအစိုးရထံ ကတိပေး ပြောဆိုထားသည်။ ထို့အပြင် ပြည်ပဆက်သွယ်ရေး အော်ပရေတာများသည် မိုဘိုင်းဖုန်းအသုံးပြုခကို တစ်မိနစ်လျှင် ၂၅ ကျပ်အောက် သတ်မှတ်ပေးမည်ဟု ပြည်သူများကို ကတိပေးပြောဆိုထားသည်။

ယခုလ ၁၆ ရက်နေ့၌ မိတ်ဖက်ကုမ္ပဏီ ရွှေးချယ်နိုင်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အော်ပရေတာလုပ်ငန်းနှင့် ပတ်သက်၍ အကောင်းဆုံးနှင့် အမြန်ဆုံးပြုလုပ် မည်ဟုသာ ကတိပေးပြောဆိုထားသည်။ ပြည်ပအော်ပရေတာများကဲ့သို့ တိကျသည့်ကတိများ ပေးအပ်ခဲ့ခြင်း မရှိသော်လည်း မြန်မာဆက်သွယ်ရေး လုပ်ငန်းသည် လက်ရှိကံ စမ်းမဲစနစ်ဖြင့် ချထားပေးနေသည့် မိုဘိုင်းဖုန်းလိုင်းများကို ပုံစံပြောင်း၍ လိုသလောက်ဝယ်ယူနိုင်ရန် စီစဉ်နေသည်ဟု ပြောဆိုခဲ့သည်။

Internet Journal

No comments:

Post a Comment