Monday, August 25, 2014

နိုင်ငံတွင် ကြုံတွေ့နေရသော ပြဿနာများ ဖြေရှင်းရာတွင် စာပေအနုပညာရှင်များ ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြန်မာစာပေလောကမှ စာပေအနုပညာရှင်များနှင့် တွေ့ဆုံစဉ်

 နိုင်ငံတွင် ရင်ဆိုင်နေရသည့် ပြဿနာများ ဖြေရှင်းရန် မြန်မာစာပေလောကမှ စာပေအနုပညာရှင်များက ကူညီပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်သည်။လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံက မည်သည့်လမ်းကြောင်းသွားမည်ဆိုသည်ကို ယခု ၂၀၁၄ ခုနှစ်တွင် ဆုံးဖြတ်မည် ဖြစ်သဖြင့် နိုင်ငံရေးရှုထောင့်တစ်ခုတည်းမဟုတ်ဘဲ စာပေအနုပညာရှင်များ၏ လူမှုရေးရှုထောင့်အမြင်များကိုပါ သိရှိဆွေးနွေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စာပေအနုပညာရှင် ၉၀ ဦးတို့ တွေ့ဆုံပွဲကို သြဂုတ် ၂၅ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့ပြီး စာရေးဆရာများ၊ ကာတွန်းဆရာများ၊ ပန်းချီဆရာများ၊ ကဗျာဆရာများကို ကိုယ်စားပြု၍ဖေမြင့်၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ အော်ပီကျယ်၊ သစ္စာနီစသည့် စာပေအနုပညာရှင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် တွေ့ဆုံပွဲသို့ မင်းယုဝေ၊  မောင်လင်းယုန် (ရှမ်းပြည်)၊ တက္ကသိုလ်စိန်တင်၊ သစ္စာနီ၊ မောင်သွေးသစ်၊  မောင်ပေါ်ထွန်း၊ နုနုရည် (အင်းဝ)၊ လင်္ကာရည်ကျော်၊ ဘိုးလှိုင်၊ ညောင်ဦးဖိုးချို၊ အော်ပီကျယ်၊ မြေဇာ၊ ပန်းချီမျိုးမြင့်၊ စသော စာပေ၊ ကာတွန်း၊ပန်းချီ၊ ဓာတ်ပုံစသည့် နယ်ပယ်အသီးသီးမှ ပညာရှင်များ တက်ရောက်ခဲ့သည်။
7daydaily.com

No comments:

Post a Comment