Monday, August 11, 2014

မန်းတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ပြန်ရုပ်သိမ်း


မန္တလေးတွင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ အား ယနေ့ သြဂုတ် ၁၁ ရက်တွင် အပြီး ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးလူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မူများကြောင့် ဇူလိုင်လ(၃)ရက်နေ့မှ စတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဇူလိုင်လဆန်းပိုင်းက ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့အကြမ်းဖက်မူများကြောင့် ဇူလိုင်(၃)ရက်တွင် မန္တလေးမြို့ပေါ်(၆)မြို့နယ်နှင့် ဇူလိုင်(၄)ရက်တွင် မန္တလေးခရိုင်တစ်ခုလုံးအား ည(၉)နာရီမှ နံနက်(၅)နာရီအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။မန္တလေးမြို့ အခြေနေ ပြန်လည်တည်ငြိမ်လာမှုပေါ် မူတည်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုအား အချိန်များလျော့ချပေးခဲ့ပြီး ဇူလိုင်(၂၁)ရက်နေ့တွင် ည ၉ နာရီမှ နံနက် ၃ နာရီသို့၎င်း၊ ဇူလိုင်(၂၈)ရက်နေ့မှတွင် ည ၁၀ နာရီနှင့် နံနက် ၃ နာရီသို့၎င်း ပြောင်းလဲသတ်မှတ်ခဲ့ပြီး ယနေ့တွင် အပြီးရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ သတင်းရရှိသည်။

“အခုပြန်ရုပ်သိမ်းလိုက်တော့ အားလုံးအတွက် ကောင်းပါတယ်။ ဘာသာရေးပွဲတွေ ဘုရားပွဲကျောင်းပွဲတွေနဲ့ မန္တလေးမြို့လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာတော့မှာပါ။ အစိုးရအဖွဲ့က ဒါကို ရုပ်သိမ်းသင့်တယ်ထင်လို့ ရုပ်သိမ်းတာကောင်းပါတယ်။ မြို့လူထုအနေနဲ့ နောင်ကို ဒါမျိုးမဖြစ်အောင် အထူးသတိထားဖို့ ၊ ၀ိုင်းဝန်းထိမ်းသိမ်းဖို့ လိုမယ်”ဟု မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားစဉ်အတွင်း မန္တလေးမြို့ခံများ စီးပွားရေးလုပ်ကိုင်ရာတွင် အခက်ခဲများကြုံတွေ့ခဲ့ရပြီး မြို့၏ စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေးကဏ္ဍများတွင်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည်ဟု မြို့ခံများကပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားစဉ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်မှုကြောင့် ဖမ်းဆီးထောင်ချခံရသူမှာလည်းလူ(၁၅၀၀)၀န်းကျင် ရှိခဲ့သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဇူလိုင်လဆန်းပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးလူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့ အကြမ်းဖက်မှုများကြောင့် အမျိုးသား(၂)ဦး သေဆုံးကာ လူ(၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
7Day DAILY

No comments:

Post a Comment