Wednesday, August 27, 2014

ရန်ကုန်ရှိ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက်များ ဖြိုမည်ဟု ရန်ကုန်မြို့တော်ဝန်ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသော ကန်ထရိုက်တိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖြိုဖျက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။ “အရေးယူ ဆောင်ရွက်မှုတွေ ရှိနေသော်လည်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်တာတွေ လျော့နည်းသွားခြင်း မရှိပါဘူး။ အဲဒါကြောင့် စည်ပင်သာယာက ဖြိုဖျက်သည်အထိ အရေးယူဖို့ စီစဉ်နေပါပြီ” ဟု ၎င်းက ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိမ်းထွန်း၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသော ကန်ထရိုက်တိုက်များကို ထိရောက်စွာ ဟန့်တားနိုင်ရေး မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

 ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်နေခြင်းကို စည်ပင်သာယာရေး ကော်မတီက တရားလိုပြုလုပ်ကာ တရားစွဲဆို အရေးယူမှုများ ပြုလုပ်နေသော်လည်း လျော့ပါးသွားခြင်း မရှိသောကြောင့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၄၈ အရ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို ကျော်လွန်၍ဖြစ်စေ၊ ကန်ထရိုက်ဆောက်လုပ်ပါက ဖြိုဖျက်သည်အထိ အရေးယူရန် ပြဋ္ဌာန်းထားကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ စည်ပင်သာယာမှ ဖြိုဖျက်သည့် ကုန်ကျစရိတ်ကိုလည်း သက်ဆိုင်ရာ ကန်ထရိုက်တာများက အကုန်အကျခံရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေတွင် ပြဋ္ဌာန်းပါရှိသည်။ ထို့ပြင် ရန်ကုန်မြို့တော်အတွင်း ခွင့်ပြုချက်ထက် ကျော်လွန်ကာ ဆောက်လုပ်နေသော အထပ်မြင့် လူနေတိုက်ခန်းများကိုလည်း စည်ပင်သာယာရေး ကော်မတီ အနေနှင့် ထိထိရောက်ရောက် အရေးယူရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ပြောဆိုသည်။ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားလိုပြုလုပ်ပြီး ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၈ အရ တရားစွဲဆိုကာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်အရေးယူလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှု အများဆုံးမြို့နယ်များမှာ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ဒေါပုံ၊ တောင်ဥက္ကလာ၊ အင်းစိန်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်ဟု ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

အိမ်၊ ခြံ၊ မြေ ဂျာနယ်

No comments:

Post a Comment