Friday, August 1, 2014

ပြည်သူတစ်ယောက်၏ စစ်မှန်သော ဆန္ဒ

မြန်မာ့နိုင်ငံရေးလောကမှာ ကိုယ့်နိုင်ငံနှင့် ကိုယ့်ပြည်သူုအကျိုးကို ကိုယ်စီ ကိုယ်စီ ယုံကြည်ချက် ခံယူချက်တွေနဲ့ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင်ကာ ဆောင်ရွက်နေကြသော အဖွဲ့အစည်းတွေ ပါတီအသင်းအဖွဲ့တွေ အများကြီးရှိပါတယ်။ ပါတီတိုင်း အဖွဲအစည်းတိုင်းမှာ ပင်ကို ရည်ရွယ်ချက် ကိုယ်စီတွေရှိကြပါတယ်။ ဒါကို ငါတို့ပါတီကတော လူ့အခွင့်အရေး နှင့်ပတ်သက်လာရင် အပြည့်အ၀ရရှိအောင် ဦးစားပေးဆောင်ရွက်သွားမယ်။ ငါတို့ပါတီ ငါတို့အဖွဲ့ကတော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေး ဘယ်လိုစွမ်းဆောင်ကြမယ် စသဖြင့် ကိုယ်စီရည်ရွယ်ချက် တွေနဲ့ စတင်ထူထောင်လာကြပါတယ်။ ပါတီအသင်းအဖွဲ့ များလာတာနှင့်အမျှ ပါတီတစ်ခုချင်းစီရဲ့ Mission တွေ ကွဲပြားလာကြသလို၊ ပါတီတစ်ခုနှင့်တစ်ခု သဘောထားကွဲလွှဲမှုတွေ ရှိလာကြပါတယ်။ တစ်ပါတီနှင့် တစ်ပါတီ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပုဂ္ဂိုလ်စွဲများနှင့် သူပါတီကောင်းတယ် ကိုယ့်ပါတီကောင်းတယ်ဆိုပြီးတော အချင်းချင်းထိုးနှက်မှုတွေ ပုတ်ခတ်မှုတွေ ထွက်ပေါ်လာတာတွေအများအပြား မြင်တွေ့ ကြားသိနေရပါတယ်။ ပါတီတစ်ခုနှင့် တစ်ခု မပြောနဲ့ ပါတီတစ်ခုအတွင်းထဲမှာကိုပဲ သဘောထားကွဲလွှဲမှုတွေ နားလည်မှု လွှဲမှားမှုကြောင့် ပါတီ ပုံရိပ်တွေ ကျဆင်းတာတွေလဲ တွေ့ရပါတယ်။ အားလုံးဟာ နိုင်ငံတော်အတွက် ပြည်သူအတွက်ပဲ အလုပ်လုပ် နေကြသူများဖြစ်တယ်ဆိုတာ ယုံကြည်မိပါတယ်။
အလုပ်များများ လုပ်သောသူများဟာသည် အမှားများများတွေ့တယ် အမှားများများဖြစ်တယ်ဆိုတာ မှန်ပါတယ်။ အလုပ်လုပ်နေရင်းနဲ့ ကောင်းစေချင်သော စေတနာနှင့် လုပ်ရပ်တစ်ခုဟာ အမြင်မတူသော အဖွဲ့အစည်း ပါတီတစ်ခု လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေနဲ့ အပြစ်မြင်တယ် အမှားထင်တတ်ကြတာ သဘာဝတရားကပေးသော ဆန့်ကျင်ဘက် အရာတစ်ခုပဲဖြစ်ပါတယ်။ အမြင်မတူသော အနီးစပ်ဆုံး ဥပမာပေးရရင် လူလေးယောက်ရဲ့ အလယ်မှာ “၁” ဆိုသော ဂဏန်းတစ်ခုဟာ ကျန်တဲ့ ၃ ယောက်သောသူများရဲ့ အမြင်မှာတော့ “ပ,ဂ,င” စသဖြင့် မြင်ကောင်းမြင်ကြပါလိမ့်မယ် ဒါဟာ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တစ်ခု၊ အမြင်တစ်ခုဟာ မှန်နေပေသော်ငြာလည်း သူတို့ဘက်ကကြည့်ရင် သူတို့ မြင်တဲ့ အမြင်ဟာလဲ မမှားဘူးဆိုတာ နားလည်နေကြရမှာ ဖြစ်ပါတယ်။

ယခုလက်ရှိကာလမှာ NLD အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဦးဆောင်ပြီး လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်နေတာဟာ ၂၀၁၄ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ ဇူလိုင်လ (၁၉)ရက်နေ့အထိ ကန့်သတ်ကောက်ခံ ခဲ့ကြပါတယ်။ ဒါတွေဟာ ပြည်သူလူထုအတွက် NLD ရဲ့လုပ်ဆောင်ချက်တွေ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပြည်သူအပေါ်ထားတဲ့ NLDရဲ့ စေတနာတွေ မေတ္တာတွေဟာ ဘယ်လောက်များလဲဆိုရင် ဒီပုဒ်မ ပြင်ဆင်ရေး လက်မှတ်ထိုးမှုတွေ အများအပြားရလေ ပြည်သူအတွက် အပြောင်းအလဲ ကြီးတစ်ခု ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားပုံရပါတယ်။ ပုဒ်မ ပြင်ဆင်ရေး လက်မှတ်ကောက်ခံရာမှာလဲ စေတနာ အမှားလို့ ဆိုရမဲ့ လက်မှတ်လိမ်လည်မှုတွေ လူတစ်ယောက်ကို လက်မှတ် ၂ခုထိုးမှုတွေကိုတောင် မစီစစ်တောပဲ စိတ်ကြိုက် လက်မှတ်ထိုးခွင့်ပြုတာတွေ လက်မှတ်ကို တအိမ်ဆင်းတအိမ်တက် လိုက်လံကောက်ခံတာတွေအထိ ပြုလုပ်ခဲ့ကြပါတယ်။ ဒါတွေဟာ စေတနာအမှားတစ်ခုပဲလို့ဖြည့်တွေးမိပါတယ်။ ပုဒ်မ ၄၃၆ ပြင်ရေးလက်မှတ် အရေအတွက်ကို တရားဝင် ထုတ်ပြန်မှု မရှိသေးသော်လဲ လက်ရှိအခြေအနေအရ ရရှိထားသောလက်မှတ် အရေအတွက်ဟာ ပါတီဝင်များ အတွင်းမှ အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ဇူလှိုင်လ ၈ ရက်နေ့မှစပြီး အင်တာနက် စာမျက်နှာများတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အခြေအနေမှန်ဟုသော အသံဖိုင်တစ်ခု ပျံ့ နှံလာခဲ့ပြန်ပါတယ်။ အဲဒီထဲမှာတော NLD ပါတီနှင့် ၈၈ မျိုးဆက် ပွင့်လင်း မှ ဦးဆောင်ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး လက်မှတ်များကောက်ခံမှုမှာ ၃၃ သိန်းကျော်ရရှိမှုဟာ မဟုတ်တဲ့ကြောင်း ဆယ်သိန်းပင်မပြည့်ကြောင်း၊ အောက်ခြေ တွင် အဖွဲ့များဖွဲ့၍ ကောက်ခံနေသော်လည်း ဆွေမျိုးများ အသိမိတ်ဆွေများထံမှ သာ ရရှိကြောင်းကို ဗဟိုပါတီဝင် တစ်ယောက်က လက်ရှိအခြေအနေ ကိုပြောပြထားပါတယ်။ ဒါဟာ လူထုကို သတင်းလွှင့်ချပြတာနဲ့ လက်ရှိရရှိနေတဲ့ အရေအတွက်ဟာ တစ်ဝက်ခန့်သာ ရရှိနေတယ်လို သိရှိရပါတယ်။

ယခုကာလအတွင်းမှာပဲ ပြည်သူတွေ အနေနဲ့ အဖွဲ့စည်းနှစ်ခု ကြားမှာ လက်မှတ်တွေ ၂ ခါတောင် ထိုးကြသူတွေရှိပါလိမ့်မယ်။ တစ်ခါက အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေကြသော မျိုးချစ် အဖွဲ့တွေကဦးဆောင်တဲ့ မျိုးစောင့်ဥပဒေ ပြဌာန်းကြဖို့ မျိုးစောင့်ဥပဒေပြဌာန်းရေး လက်မှတ်ထိုးတာရယ်၊ NLD က ဦးဆောင်တဲ့ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးတာရော ဆို ၂ခါတောင်ရှိပြီဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ယုံကြည်ချက် ခံယူချက်အပေါ်မှာမူတည်ပြီး ကြိုးစားနေကြသော အဖွဲ့နှစ်ခုရဲ့ လုပ်ဆောင်မှု တွေကို ထောက်ပြတဲ့ သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတိုင်း ပါတီတိုင်းဟာ ကိုယ်ဘက်ကကြည့်ရင် ကိုယ်မှန်နေကြတဲ့ လုပ်ရပ်တွေပဲလုပ်နေကြခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့လို သာမန် ပြည်သူတစ်ယောက်အနေနဲ့ ဘယ်အဖွဲ့အစည်း ဘယ်ပါတီ ဘယ်အစိုးရကို ယုံကြည်အားကိုကြရမလဲ ဆိုတာကို အတော်ပင် စဉ်းစားကြရပေလိမ့်မည်။ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းတွေ ဘယ်အုပ်ချုပ်သူတွေက ဘယ် ဖွဲ့စည်းပုံတွေ ဘယ်လောက်ပဲ ပြဌာန်းနေပါစေ ကျွန်တော်တို့ သာမန်ပြည်သူတစ်ယောက်ရဲ့ ဘ၀တွေကတော လက်ရှိဘ၀ထက် သာလွန်သော ပြောင်းလဲမျိုး အခုထိမရခဲ့သေးတာတော အမှန်ပင်ဖြစ်ပါတယ်။

ဒါကြောင့် သာမန် ပြည်သူ တစ်ယောက်အနေနဲ့ ဖြစ်စေချင်ဆုံး ဆန္ဒကိုပြောပြပါဆိုရင် နိုင်ငံအတွင်းရှိ များစွာသော အဖွဲ့ အစည်းများကို စည်းလုံးညီညွတ်စွာပဲ လက်တွဲပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်စေချင်တာ ပြည်သူတစ်ယောက်ရဲ့ ဆန္ဒအမှန်ပါ။ အားလုံးသော ပါတီတိုင်းဟာ ကိုယ့်တိုင်းပြည်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကြီးဖြစ်အောင် လုပ်ဆောင် ကြိုးစားနေကြတာဟာ ပါတီတိုင်းရဲ့ ပန်းတိုင် အစစ်ပင်မဟုတ်ပါလား။ ရည်မှန်းချက် ပန်းတိုင်းချင်းတူညီပြီး တစ်လှေတည်းစီး တစ်ခရီးထဲသွားနေကြသူ အဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် လျှောက်လှမ်းကြရင် ပိုကောင်းမယ်ထင်မိပါတယ်။ သူများအပြစ် အနာအဆာကိုပဲ ကြည့်ပြီး ထောက်ပြ ပြောဆိုဝေဖန်နေမဲ့ အစား ပါတီ အဖွဲ့အစည်း အစိုးရရဲ့ စသည့် လိုအပ်သော အချက်များကို ဖြည့်ဆည်းလုပ်ဆောင်ပြီး အလုပ်ဖြင့် သက်သေပြကာ တိုင်းပြည်တိုးတက်မှုကို ဆောင်ရွက်စေချင်တာ ပြည်သူဆန္ဒ အစစ်ပါ။ ပြိုင်တူ တွန်းလျင်ရွေ့နိုင်သည် ဆိုသည့်အတိုင်းပဲ အဖွဲ့အစည်း အချင်းချင်း၊ ပါတီချင်းချင်း ပုတ်ခတ် စောင်းမြောင်းမနေကြပဲ ရည်မှန်းချက်ကို အတူယှဉ်တွဲပြီး အားလုံးသော ပါတီ အဖွဲ့အစည်းများ အချိုးကျလုပ်ဆောင်ကျရင် ပိုမိုကောင်းမွန်သော ရလာဒ်တစ်ခု ထွက်ပေါ်လာနိုင်လိမ့်မယ်လို့ သာမန်ပြည်သူ တစ်ယောက်အနေနှင့် ထင်မြင် ယူဆမိပါကြောင်းရေးသား လိုက်ရပါတယ်။

Credit: စေတမန်

No comments:

Post a Comment