Monday, August 25, 2014

ရပ်ကွက်ပိုင်မြေများကို အကွက်ရိုက်၍ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး အလွဲသုံးနေဟုဆို

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကင်းမြို့နယ် စည်းရုံးရေးမှူးသည် မြို့နယ်အတွင်းရှိ မြန်မာ့မီးရထားမြေများ၊ ရပ်ကွက်ပတ်လမ်းနှင့် လမ်းမြေများကို အကွက်ရိုက်၍ မြေဂရန် လျှောက်ကာ ရောင်းချနေသည်ဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။
ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူးဖြစ်သူ ဒေါ်ခင်လေးမြင့်သည် ရန်ကင်း (၈)ရပ်ကွက်အတွင်းရှိ ရပ်ကွက်ပတ်လမ်းကို ဖျက်ကာ အကွက်ရိုက်ခြင်း၊ မီးရထားပိုင်မြေများကို အကွက်ရိုက်ကာ အဆောက်အအုံများ ဆောက်လုပ်ခဲ့သည့်အပြင် အဆိုပါမြေများကို ဂရန်လျှောက်ထားခြင်းပင် ပြုလုပ်နေသည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူ ဦးအောင်မိုးထွဋ်က ဆိုသည်။
“တချို့အကွက်တွေဆို သူ့အမည်ပေါက်နဲ့ ဂရန်ကျပြီးသားရှိတယ်။ ခုဆို ရပ်ကွက်ပတ်လမ်းတောင် မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် ရပ်ကွက်အတွင်းရှိ ရေမြောင်းများကို မြေများဖို့ကာ အကွက်ရိုက်၍ အဆောက်အအုံများ ဆောက်လုပ်ထားသဖြင့် မိုးကြီးလျှင် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်နေသည်ဟု ရန်ကင်းမြို့နယ် အမှတ်(၈) ရပ်ကွက်သားတို့က ပြောသည်။
ရန်ကင်းမြို့နယ် (၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူရက “မြေကွက်တွေက ဂရန်တွေ ကျပြီးသား။ ဒီမြေတွေမှာ ဂရန်ရှိတာတွေရှိသလို လျှောက်ထားတယ်လို့တော့ ကြားတယ်။ သေချာမသိဘူး။ ဒီမြေကိစ္စကို စည်ပင်က လာစစ်သွားတာရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါမြေကိစ္စများနှင့် ပတ်သက်၍ ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူး ဒေါ်ခင်လေးမြင့်ကို မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။ သို့သော် ရန်ကင်းမြို့နယ်နေ ပြည်သူတို့၏ တိုင်ကြားမှုနှင့်ပတ်သက်၍ မြို့နယ်စည်းရုံးရေးမှူးကို စစ်ဆေးသွားမည်ဖြစ်ပြီး မှန်ကန်ကြောင်း တွေ့ရှိပါက အရေးယူမည်ဟု ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။
“ပါတီကို တိုင်စာတော့ မရောက်လာသေးဘူး။ သူက အဲဒီရပ်ကွက်ရဲ့ စည်းရုံးရေးမှူးဖြစ်တဲ့အပြင် ပွဲစားလုပ်တယ်လို့တော့ သိထားတယ်။ အထင်မှား အမြင်မှားများ ဖြစ်သလား မသိပေမယ့် ပါတီဝင်က ဥပဒေနဲ့ မလွတ်ကင်းတာတွေလုပ်ရင် ပါတီကနေ ထုတ်ပယ်တဲ့အပြင် ဥပဒေအရ အရေးယူသွားမှာပါ”ဟု ၎င်းက ဆိုသည်။
ရန်ကင်းမြို့နယ် (၈)ရပ်ကွက်၊ (၉) ရပ်ကွက်နေ ပြည်သူတို့ကမူ ဦးရေ ၄၀ လက်မှတ်ရေးထိုး၍ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ သမ္မတရုံး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်စည်ပင်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့သို့ သြဂုတ် ၂၂ တွင် စာပို့ထားသည်ဟု ပြောသည်။
Mizzima

No comments:

Post a Comment