Thursday, August 21, 2014

မလေးထောင်မှ မြန်မာ ၅၂ ဦးရဲ့ဒုက္ခ

ကျောင်းထွက်၍ အဆင်ပြေလျှင် အလုပ်လုပ်မည်ဟု စိတ်ကူးကာဦးလေးရှိသော မလေးရှားသို့ တရားဝင်အလည်အပတ်သွားခဲ့သော အသက်(၂၀)အရွယ် မောင်ချမ်းမြေ့အောင်သည် မလေးရှားနိုင်ငံ လေဆိပ်အရောက်တွင် ဖမ်းဆီးခံလိုက်ရသည်။
မောင်ချမ်းမြေ့အောင်အပါအဝင် မြန်မာနိုင်ငံသား ၇၅ ဦး ကိုင်ဆောင်လာသော အလည်အပတ်ဗီဇာများသည် အတုဖြစ်နေ၍ မလေးရှားနိုင်ငံလေဆိပ်တွင် မလေးရှားရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး နှစ်ပတ်အကြာတွင် ၎င်းတို့အားလုံး ထောင်ချခံလိုက်ရသည်။ဖမ်းဆီးထိန်းသိမ်းခံရပြီး ၃၅ ရက်အကြာတွင် လေဆိပ်အနီးရှိ ဆီဗန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးရာ ၎င်းတို့နိုင်ငံသို့ ဗီဇာအတုများဖြင့် ဝင်ရောက်လာမှုကြောင့် မလေးရှားနိုင်ငံတရားသူကြီးက မြန်မာနိုင်ငံသား ၅၂ ဦးကို ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်သည်။ဗီဇာအတုဖြင့် သွားရောက်ခဲ့သောသူများထဲမှ ၂၀ ခန့်သည် မလေးရှားနိုင်ငံသို့ အလည်အပတ်သွားရောက်ခြင်းဖြစ်ပြီး ကျန်သူများသည် အလုပ်လုပ်ကိုင်ရန်အတွက် သွားရောက်သူများဖြစ်သည်။

ဗီဇာအတုများဖြင့် အုပ်စုလိုက်တင်ပို့သော အေဂျင်စီနှင့် မြန်မာနိုင်ငံလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ ပြည်ထဲရေးဌာနတို့၏ စိစစ်ရေးများနှင့် ပို့ဆောင်ပေးသော လေကြောင်းလိုင်း၏ ပေါ့လျော့မှုများကြောင့် မြန်မာနိုင်ငံသား ၅၂ ဦးမှာ မလေးရှားတွင် ထောင်ဒဏ်ချမှတ်ခံလိုက်ရသည်။
ယင်းတို့သည် ဇူလိုင် ၈ ရက်က ရန်ကုန်မြို့ (၃၈)လမ်းရှိ စုမြတ်အေဂျင်စီ၏ အစီအစဉ်ဖြင့် သွားရောက်ခြင်းဖြစ်ပြီး အေဂျင်စီမှ လိုက်ပါပို့ဆောင်ပေးသူ သုံးဦးလည်း ဖမ်းဆီးခံခဲ့ရသည်။
သို့သော် အဆိုပါပြဿနာ ဖြစ်ပွားပြီးနောက် ရုံးတည်ရှိရာသို့ သွားရောက်မေးမြန်းရာ ရုံးခန်းမရှိတော့ပေ။ စုမြတ်အေဂျင်စီဆိုသည်မှာ တရားမဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအသင်းချုပ်မှ တာဝန်ရှိသူက ပြောသည်။ ထိုအေဂျင်စီကပင် ဗီဇာအတုများ လုပ်ပေးခဲ့ခြင်းဖြစ်သည်။
ဗီဇာအတုများကြောင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုအပေါ် ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားနေသူများနှင့် မလေးရှားနိုင်ငံရှိ မြန်မာလူမှုအသင်းအဖွဲ့အစည်းများက မြန်မာအစိုးရအဖွဲ့ တရားမဝင်အေဂျင်စီများနှင့် လေကြောင်းလိုင်း စသည်တို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။
‘‘ဒီလူတွေကို အစိုးရနဲ့ ပြည်ပအေဂျင်စီအသင်းအဖွဲ့ချုပ်တို့က ခွင့်ပြုချက်မရှိဘဲ မလေးရှားနိုင်ငံထဲကိုရောက်လာစရာ အကြောင်းမရှိဘူး’’ဟု မလေးရှားနိုင်ငံ မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးစင်တာ (MMRC) ဥက္ကဋ္ဌ ဦးကိုလတ်က ပြောသည်။
မြန်မာနိုင်ငံသားများ ထောင်ချခံရမှုကို မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူများက မလေးရှားနိုင်ငံ ပြည်ထဲရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ထံ လူကိုယ်တိုင်သွားရောက် မေတ္တာရပ်ခံထားသည်ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးက 7Day အား ပြောခဲ့သည်။ ထိုသို့ပြောပြီး တစ်ပတ်အကြာတွင် မြန်မာနိုင်ငံသားများ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခံလိုက်သည်။
ဩဂုတ် ၁၈ ရက်တွင် မြန်မာသံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏နိုင်ငံကူးလက်မှတ်တွင်ပါရှိသည့် ပြည်ဝင်ခွင့်(ဗီဇာ)အပါအဝင် အခြားအချက်အလက်များကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်တွင် နှိုးဆော်ထားသည်။
မြန်မာနိုင်ငံလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် သယ်ယူပို့ဆောင်ပေးသော Air Asia လေကြောင်းတို့ စစ်ဆေးရေးအားနည်းမှုကြောင့် အဆိုပါ ၅၂ ဦးသည် မလေးရှားနိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း လုပ်သားအရေးဆောင်ရွက်သူများက ဝေဖန်ကြသည်။ သယ်ယူပို့ဆောင်ပေးသော လေကြောင်းလိုင်းသည် မိမိ၏ခရီးသည်များကိုင်ဆောင်သော ဗီဇာ၊ ပတ်စ်ပို့များကို အတု၊ အစစ်ဟုတ်၊ မဟုတ် လေယာဉ်ထွက်ခွာခြင်းမပြုမီ စစ်ဆေးရန် တာဝန်ရှိသည်ဟု ၎င်းတို့ကဆိုသည်။
‘‘လေကြောင်းလိုင်းက ဗီဇာအတုမသိခဲ့ရင်တောင် လဝကကိုနောက်ဆုံးဖြတ်ရတာ။ သူတို့ နည်းပညာညံ့တာလည်းပါတာပေါ့’’ဟု ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
အခြားနိုင်ငံများသို့ ဗီဇာအတုများဖြင့် သယ်ယူပို့ဆောင်ပေးပါက ထိုနိုင်ငံ၏ဥပဒေအတိုင်း သယ်ယူပို့ဆောင်ပေးသော လေကြောင်းလိုင်းအား ဒဏ်ငွေများချမှတ်သည်ဟု Air Asia လေကြောင်းလိုင်း မြန်မာနိုင်ငံတာဝန်ခံ ဦးဝေလင်းအောင်က ပြောသည်။
‘‘သယ်ယူပို့ဆောင်ပေးတဲ့ လေကြောင်းလိုင်းမှာလည်း တာဝန်ရှိသလို ဗီဇာအတုနဲ့ သွားရောက်တဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်။ အခုထိတော့ ကျွန်တော်တို့လေကြောင်းလိုင်းကို မလေးရှားဘက်က ဘာမှမဆက်သွယ်သေးဘူး’’ဟု ဦးဝေလင်းအောင်က ဆိုသည်။
မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်သော ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံအနက် ဗီဇာအတုများပြုလုပ်ရာတွင် မလေးရှားနိုင်ငံ ဗီဇာအတုပြုလုပ်ရသည်က ပိုမိုလွယ်ကူကြောင်း နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ၏ ဗီဇာစာရွက်သည် ကွန်ပျူတာစနစ်ဖြင့် ပြုလုပ်ထားသောကြောင့် ဗီဇာအတုပြုလုပ်ရန် မလွယ်ကူပေ။ မလေးရှားဗီဇာသည် စာရွက်ပေါ်တွင် မင်တံဆိပ်တုံးထု၍ ပြုလုပ်ထားသောကြောင့် အတုလုပ်ရန်မှာ လွယ်ကူနေကြောင်း ၎င်းကဆက်လက်ပြောသည်။
‘‘အဓိက,ကတော့ ဗီဇာအတုလုပ်တဲ့ပွဲစားတွေကို ထိထိရောက်ရောက် အရေးယူရမယ်’’ဟု ဦးထူးချစ်ကပြောသည်။
မြန်မာ ၅၂ ဦး ထောင်ချခံရခြင်းသည် တရားမဝင်အေဂျင်စီများကြောင့်ဖြစ်ပြီး ပြည်ထဲရေးဌာနက အဆိုပါအေဂျင်စီများအား ထိထိရောက်ရောက်အရေးယူပေးရန် လိုအပ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အသင်းချုပ် အတွင်းရေးမှူး ဦးကျော်ထင်ကျော်ကပြောသည်။
ယခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ သွားရောက်သော လူဦးရေမှာ တစ်လလျှင် ပျမ်းမျှသုံးထောင်ခန့်ရှိသည်။
ကျောင်းထွက်၍ အဆင်ပြေလျှင် အလုပ်လုပ်မည်ဆိုကာ မလေးရှားသို့ အလည်အပတ်သွားခဲ့သော မောင်ချမ်းမြေ့အောင်တစ်ယောက် ကွာလာလမ်ပူမြို့နယ်၊ စလန်ကော်ပြည်နယ်ရှိ ကဂျန်းထောင်တွင် တစ်နှစ်နေထိုင်ရမည်ဖြစ်သည်။
‘‘ကျွန်တော်အလည်ခေါ်လိုက်လို့ ကျွန်တော့်တူက ရောက်လာတာ။ ကျွန်တော်သာမခေါ်ရင် သူထောင်ကျခံရမှာမဟုတ်ဘူး’’ဟု ချမ်းမြေ့အောင်၏ဦးလေး ကိုလှိုင်မျိုးသန်းက နောင်တရဟန်ဖြင့် ပြောလေသည်။
7Day News

No comments:

Post a Comment