Thursday, August 21, 2014

နေပြည်တော်-မန္တလေး အမြန်လမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ၂၉ ဦးဒဏ်ရာရ

သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် နေပြည်တော်-မန္တလေး လမ်းပိုင်း၌ ဂျေဂျေခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၈ ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိကာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာသည့် ဂျေဂျေခရီးသည်တင်ကားသည် မိုင်တိုင် ၂၂၁ မိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သုံးသပ်ထားသည်။

အမြန်လမ်းရဲတပ်ဖွဲ့ရဲမှူးကြီး နေ၀င်းက “မိုင် ၂၂၁ မှာ ကားတိမ်းမှောက်တယ်ကြားတော့ ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ့တွေနဲ့ ကြက်ခြေနီတပ်ဖွဲ့တွေနဲ့ ချက်ချင်းသွားရောက်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ပြီး နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို တင်ပို့ခဲ့ပါတယ်။ အသေအပျောက်တော့ မရှိပါဘူး။ ဒဏ်ရာရတဲ့ ၂၉ ဦးမှာသုံးဦးက ဒဏ်ရာပြင်းထန်တာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ရဲမှူးကြီးနေ၀င်းက “ဒီဖြစ်စဉ်ကတော့ မိုးကလည်း သဲသဲမဲမဲရွာနေတယ်။ နောက်ပြီးတော့ ကားဘီးတွေက ပွိုင့်မရှိတော့ဘူး။ ပါးနေ တယ်။ အဲဒီအတွက် စလစ်ဖြစ်ပြီး အရှိန်မထိန်းတော့ တိမ်းမှောက်သွားတယ်လို့ ကောက်ချက်ချထားတယ်” ဟု ပြောကြားသည်။

အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်သည့် ဖြစ်စဉ်အနေဖြင့် မေလတွင် ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ရာဇာမင်း ယာဉ်လိုင်းဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ပထမအကြိမ်ပြန်လည် ဖြစ်ပွားခဲ့ကာ ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈ ဖြင့် ယာဉ်မောင်းအား အမှုဖွင့်ထားကြောင်း သိရသည်။

နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများအား ညနေပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဇော်ဝင်း လာရောက် ကြည့်ရှု ခဲ့ကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ဂျေဂျေခရီးသည်တင်ကားမှာ နေပြည်တော်၊ ဘောဂသီရိကားဝင်းမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက် ခွာခဲ့ပြီးနောက် မြို့မဈေးမှ မွန်းလွဲ ၁ နာရီတွင် မန္တလေးမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီးတွင် ၂၀၁၄ ခုနှစ် ဧပြီလအတွင်း ယာဉ်တိုက်မှု ၈၀ ခန့်၊ မေလအတွင်း ယာဉ်တိုက်မှု ၄၀ ၀န်းကျင်ခန့်နှင့် ဇွန်လအတွင်း ယာဉ် တိုက်မှု ၂၅ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုများ လျော့ကျရန်အတွက် အရှိန်ထိန်းကိရိယာများ တိုးချဲ့တပ်ဆင်ပြီး အရေး ယူနေသော်လည်း သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်မှာနေ့စဉ် အစီး ၄၀ ကျော်ရှိနေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Eleven Media Group

No comments:

Post a Comment