Tuesday, August 19, 2014

ရဲသားကြီး ကိုလှရွှေ လူဆိုး ဖမ်းနိုင်စေ

ရွားသားတွေက ရဲတွေကို ၀ိုင်းပြန်ပြီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေ ၀ိုင်းပြီး ဖမ်းလိုက်တဲ့ ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်မှာ ထပ်မံ ဖြစ်ပွားသွားခဲ့ပြန်ပါပြီ။ မနှစ် စက်တင်ဘာလထဲ နေပြည်တော် ကောင်စီနယ်မြေမှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး တစ်နှစ်လောက်အကြာ အခုတစ်ခါ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ညောင်ဝန်းဆိုတဲ့ ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို တုတ်တွေ ဓားတွေ ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ကျေးရွာသားတွေက ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးထားလိုက်ကြတာပါ။ နေပြည်တော် ကောင်စီနယ်မြေထဲ ရွာသားတွေက ရဲတွေကို ၀ိုင်းဖမ်းထားလိုက်တုန်းက ညကြီးမင်းကြီးဖြစ်ပြီး အခုကတော့ မနက်ခင်း ၉ နာရီလောက်မှာ အခင်းဖြစ်ပွားခဲ့တာပါ။ ဒီတစ်ကြိမ် ထပ်မံဖြစ်ပွားပုံက အခုနှစ်ထဲ ခပ်စိပ်စိပ် ဖြစ်လာတဲ့ ထွန်တုံးတိုက်ပွဲဝင်ရင်း ဖြစ်ခဲ့တာပါ။ ညောင်ဝန်းက တောင်သူတွေ ထွန်တုံးတိုက်ပွဲဝင်ဖို့ လုပ်တာကို လာတားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ ကျေးရွာသားတွေ ထိပ်တိုက် တွေ့ကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။
ညောင်ဝန်း ရွာသားတွေ အဆိုအရ ရွာထဲ သူပုန်ဝင်စီးသလို သေနတ်တွေပစ်ပြီးဝင်၊ အိမ်တွေထဲ ဇွတ်ဝင်၊ သေနတ်အချက် ၅၀ ကျော် ပစ်တယ်၊ ၈ ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက်မှန်တယ်။ ဒဏ်ရာပြင်းတယ်။ ဘာကြောင့် အခုလိုဝင်ပြီး ပစ်တယ် ဆိုတာ မသိဘူး။ မန္တလေးတိုင်း၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး အဆိုအရ “ကြံစိုက်ခင်းကို သူတို့ ရွာသားတွေက ၀င်ကျူးကျော်နေတာ ကြာပြီ၊ အဲဒီဟာနဲ့ ပတ်သက်ပြီး ကြံစိုက်ခင်း ပိုင်ရှင်တွေက ရွာသားတွေကို မြေယာကျူးကျော် ၀င်ရောက်ထွန်ယက်မှုနဲ့ အမှုဖွင့်ထားတာ လည်း ၂ မှုလောက် ရှိတယ်၊ အမှုဖွင့်ထားလည်း ရွာသားတွေက မရပ်ပြန်ဘူး၊ ကျူးကျော် ၀င်ရောက်ပြန်တယ်၊ တစ်ဖက်က ထိန်းသိမ်းဆောင်ရွက်ပေးဖို့၊ အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုလာတဲ့အတွက် ရဲတပ်ဖွဲ့က သွားတားတာ၊ သွားတားတော့ အရင် အမှုဖွင့်ထားတဲ့ သူတွေကိုလည်း တွေ့တယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ၀ိုင်းပြောနေတဲ့ အချိန်မှာ ရွာသားတွေက ၀ိုင်းပြီး ခဲနဲ့ပေါက်တဲ့ သဘောပါ၊ ခဲနဲ့ပေါက် လေးခွတွေနဲ့ ပစ်တော့ တပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာ အနာတရရတော့ လူစုခွဲတဲ့အနေနဲ့ မိုးပေါ်ထောင်ပစ်ပြီး၊ ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲစေတဲ့ သဘောမျိုးနဲ့ လုပ်လိုက်တယ်၊ အဲဒီမှာ ရွာသားတွေက ၀င်ပြီး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ သေနတ်ကို လုသလိုဖြစ်တော့ သူဆွဲကိုယ်ဆွဲ ဆွဲကြတဲ့အချိန်မှာ သေနတ်က ကျည်ထွက်ပြီး အမျိုးသမီးတစ်ယောက် ခြေသလုံးကို မှန်သွားတယ်၊ ဒီလို ဖြစ်ပါတယ်”
နောက်ဆုံးကျ တုတ်၊ ဓားကိုင်ဆောင်ထားတဲ့ ရွာသားတွေက ရဲ ၃၉ ယောက်ကို ၀ိုင်းထားလိုက်ပြီး ရွာဦး ကျောင်းဆရာတော်တွေရဲ့ ထိန်းကျောင်းမှုနဲ့ ရဲတွေ ဘေးကင်းခဲ့ပါ တယ်။ တိုင်းနဲ့ခရိုင် ရဲမှူးတွေ လိုက်လံဖြေရှင်းတော့ ကျောင်းဆောင်၊ အိမ်ပျက်စီးမှုများကို ချက်ချင်း ပြင်ဆင်ပေးဖို့၊ အကြမ်းဖက်မှုကို တာဝန်ယူဖြေရှင်းပြီး တရားစွဲဆိုပေးဖို့၊ သေနတ် ဒဏ်ရာရရှိထားသော ဒေါ်ဆန်းကြည်နုကို ဘ၀အာမခံချက်ရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ နောင်မည်သည့်အခါမျှ ဤကဲ့သို့ အင်အားသုံး အကြမ်းဖက်မှု မလုပ်ဖို့ စတဲ့ သဘောတူညီချက် ၄ ချက်နဲ့ ရဲတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ညောင်ဝန်း ထွန်တုံး တိုက်ပွဲသတင်း နောက်ခံက ဒီလိုပါ။ ပြီးခဲ့တဲ့ ၁၉၇၂ ခုနှစ်က မန္တလေး နန်းတွင်း ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ် ၁၂၁ က စဥ့်ကူးမြို့နယ်၊ ညောင်ဝန်း ကျေးရွာက လယ်မြေဧက ၃၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ဂရိတ်ဝေါ ကုမ္ပဏီကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေးခဲ့ရာမှာ ဒီနှစ်မှာ ဒေသခံ တောင်သူတွေက အဲဒီ မြေတွေပေါ် ၀င်ရောက် စိုက်ပျိုးခဲ့လို့ နှစ်ဖက် ပဋိပက္ခ ဖြစ်ခဲ့တာပါ။
အီးယူကလည်း ရဲတွေကို သင်တန်းပေး
ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှာ အော်ဆိုခဲ့ရတဲ့ “ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန်ကျေ” ဆိုတဲ့ ရဲသားကြီးတွေကို ပြည်သူတွေက ခဏခဏ ၀ိုင်းဖမ်းနေရအောင် ရဲတွေမှာ ဘာလိုအပ်ချက် ရှိနေသလဲ၊ ပြည်သူတွေ မှာရော ဘာလိုအပ်ချက်တွေ ရှိနေပါသလဲ။ ဒီနှစ်ဆန်းပိုင်းမှာ အီးယူလို့ခေါ်တဲ့ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြည်သူ ဗဟိုပြု ရဲလုပ်ငန်းစဉ်၊ လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်း အပိုင်းများ ရဲတပ်ဖွဲ့ရဲ့ အုပ်ချုပ် ရေးနှင့် တာဝန်ယူမှု စတာတွေကို သင်တန်းပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ ဥရောပ သမဂ္ဂ (အီးယူ) က ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅၊ မတ်လ အထိ ၁၈ လ ကြာမြင့်မယ့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစီမံကိန်းအတွက် ယူရို ၁၀ သန်း (ကျပ် ၁၃ ဒသမ ၂ ဘီလီယံခန့်) ကို အသုံးပြုသွားမယ်လို့ ထုတ်ဖော် ကြေညာ ခဲ့တာလည်း တွေ့ရပါတယ်။ အီးယူက ပြုလုပ်နေတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သင်တန်းပို့ချမှုကို ရဲတပ်ဖွဲ့ဝင် ၃၅၀၀ ကျော်ကို တိုက်ရိုက် ပို့ချထားပြီး ဆင့်ပွား သင်တန်းများကိုတော့ ရဲတပ်ဖွဲ့ဝင် အားလုံးရဲ့ တစ်ဝက်နီးပါး အထိကို ပို့ချပေးထားပြီး ဖြစ်တယ်လို့ အဆင့်မြင့် ရဲအရာရှိတစ်ဦး ပြောခဲ့တာလည်း ကြားခဲ့ရပါတယ်။ အီးယူ (ဥရောပသမဂ္ဂ)က ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ကာလကို ထပ်မံ တိုးမြှင့်ဖို့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းလည်း ဖတ်ရပါတယ်။ လွှတ်တော်ပိုင်း ကလည်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေး ဆိုင်ရာ ကော်မတီတို့က သြဂုတ် ၇ ရက်နှင့် ၈ ရက်တို့မှာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းများ၊ ပြည်သူလူထု ကာကွယ်ရေး လုပ်ငန်းများ၊ ခေတ်နှင့်မလျော်ညီတဲ့ ရဲ ဥပဒေများကို ပြင်ဆင်ရေး လုပ်ငန်းများ၊ ရဲတပ်ဖွဲ့ဝင်များရဲ့ လစာနှင့် အခွင့်အရေးခံစားခွင့်၊ တာဝန်နှင့် ကျင့်ဝတ်တို့ကို ဆွေးနွေး ခဲ့ကြတယ် ဆိုတဲ့ သတင်းလည်း တွေ့မြင်ခဲ့ရပါတယ်။ ရဲမှူးချုပ်တစ်ယောက်က “ရဲတွေ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ဆိုတာကို နိုင်ငံတော်သမ်္မတကြီးက စခဲ့တဲ့အတွက် အထက် အဆင့်တွေ အားလုံးက ပြုပြင် ပြောင်းလဲရေးကို လိုလားလို့ လုပ်နေကြတာပါ” လို့ သတင်းဌာန တစ်ခုကို ပြောခဲ့တာလည်း ကြားရပါတယ်။
နောက်ဆုံးကျ ဥပဒေ စိုးမိုးမှု ဘူတာပဲဆိုက်
ဆိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်နေတာတော့ သေချာနေပြီး ပြုပြင်ပြောင်းလဲရေးထဲ မလိုက်ပါနိုင်သေးတဲ့ စိတ်နေစိတ်ထားတွေ၊ မပြောင်းနိုင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အမြောက်အမြား ကျန်ရှိနေသေးတာလည်း သေချာနေကြောင်း နေပြည်တော်နဲ့ ညောင်ဝန်းမှာ ဖြစ်ပွားခဲ့တဲ့ ရဲ အဖမ်းခံရတဲ့ ကိစ္စတွေက အထင်အရှား သက်သေပြနေပါတယ်။ တလောက ဒီဗီဘီ ဒီဘိတ်တစ်ခုမှာ ရဲမှူးတစ်ယောက် ဆွေးနွေးသွားတာတစ်ခု ကြားလိုက်ရတာ စိတ်မကောင်းစရာပါ။ ဒီဘိတ်မှာ ဆွေးနွေးတဲ့ ပြည်နယ်တစ်ခုက တိုင်းရင်းသူလေးတစ်ဦးက သူတို့ မြို့နယ်က မူးယစ်ဆေးဝါး ရောင်းတဲ့ အိမ်မှာ အဲဒီမြို့နယ်က ရဲ တစ်ယောက်တွေ့လို့ မေးကြည့်တော့၊ အဲဒီအိမ်က သူ့ သူငယ်ချင်းက ပြောတယ်တဲ့။ ရဲလား ဘာလားတော့ မသိဘူး၊ ငါတို့အိမ်မှာ တစ်လတစ်ခါ လခ လာလာထုတ်တာတော့ တွေ့တယ်လို့ ပြောပါသတဲ့။ ဒီဘိတ် တင်ဆက်သူက ရဲမှူးကို အဲဒီ ကိစ္စ ဖြေနိုင်မလား မေးခွန်းထုတ်တော့ ရဲမှူးက ပြည်နယ်တစ်ခုမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ တစ်ခု ပြောပြပါတယ်။ သူ အဲဒီမြို့နယ်မှာ စခန်းမှူး တာဝန်ကျတော့ သူ့မြို့နယ်ထဲ မူးယစ်ဆေးဝါး ရောင်းချတာ အပြတ်နှိမ်နင်းမယ်ဆိုပြီး မူယစ်ဆေး အကြီးအကျယ်ရောင်းတဲ့အိမ် ၀င်ဖမ်းပါသတဲ့၊ ညနေလည်းကျရော မူးယစ်ဆေးရောင်းတဲ့ အုပ်စုရော သုံးတဲ့အုပ်စုရော ပေါင်းပြီး တုတ်တွေ ဓားတွေနဲ့ သူ့အိမ် လာဝိုင်းပါသတဲ့။ ဖမ်းသွားတဲ့ မူးယစ်ဆေးတွေရော လူရော လွှတ်ပေး ပြန်ပေး၊ မပေးရင် အိမ်မီးနဲ့ ရှို့ပစ်မယ် ဆိုပြီး ခြိမ်းခြောက်လို့ အလျှော့ပေးလိုက်ရပါသတဲ့။ အဲဒီတော့ စောစောက လစာ လာထုတ်တယ် ဆိုတဲ့ ရဲလည်း သူ့လိုပဲ ဖမ်းမရတဲ့ အတူတူ လစာ ထုတ်လိုက်တာ အေးမယ်ဆိုပြီး လစာထုတ်တာနေမယ်လို့ ရဲမှူးက မသက်မသာ ဖြေရှာပါတယ်။
ပြောရင်တော့ နောက်ဆုံးကျ နိုင်ငံထဲ မရှိတဲ့ တရားဥပဒေစိုးမိုးမှုဆိုတဲ့ ဘူတာ သွားဆိုက်တာပါပဲ။ မြို့လယ်ကောင် တုတ်တွေ ဓားတွေ တယမ်းယမ်းနဲ့ သတ်မယ် ဖြတ်မယ် လုပ်ကြတဲ့ လူအုပ်ကြီး အရေးမယူတော့ ဆင်ခြင်မှု နည်းတဲ့ ပြည်သူတွေက သူတို့တောင် ဒီလို လုပ်တာ အရေးယူ မခံရဘူး၊ ငါတို့လည်း လုပ်မယ်လို့ လွယ်လွယ် တွေးပြီး အရေး အကြောင်းဆို တုတ်ဆွဲ ဓားဆွဲ သတ်မယ် ဖြတ်မယ် တကဲကဲ ဖြစ်ကုန်ကြတော့တာပါ။ မတရားမှုတွေကို လည်စင်းပြီး ခေါင်းငုံ့ခံခဲ့ကြရတာ ကာလကြာရှည်ခဲ့တော့ အခုလို ပြုပြင် ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ ကာလမှာ အလွယ်တကူ ပေါက်ကွဲကုန်ကြတာပါ။ ဥပဒေ ဆိုတာကလည်း နိုင်ရာစားလို့ တွေ့မြင်ကြားသိခဲ့ရတာ ကြာပြီဆိုတော့ ဥပဒေဘောင်ထဲက ရင်ဆိုင်ဖို့ ဆိုတာလည်း အယုံအကြည် မရှိကြတော့တာပါ။ အခု ဖြစ်သွားတဲ့ ညောင်ဝန်း ရုန်းရင်းဆန်ခတ်မှုကို ရဲက ဖြေလျှော့ညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ ဆိုထားတာတော့ အဆိုးထဲက အကောင်းလို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ရဲသားကြီး ကိုလှရွှေတို့ လူဆိုးတွေကိုပဲ နိုင်နိုင်နင်းနင်း ဖမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကိုရွှေအောင်
ပြည်သူ့ခေတ်

No comments:

Post a Comment