Monday, August 11, 2014

ပြင်ဦးလွင် မြို့မရဲစခန်းတွင် အချုပ်သားသုံးဦး အချုပ်ခန်းဖောက်ပြေး၊ နှစ်ဦးလွတ်မြောက်


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မရဲစခန်းရှိ အချုပ်သားသုံးဦးသည် သြဂုတ်လ ၉ ရက်နေ့ နံနက် ၂ နာရီမှ ၄ နာရီခန့်က အချုပ်ခန်းဖောက်ထွင်း ထွက်ပြေးခဲ့ရာ တစ်ဦးကို ပြန်လည်မိထားပြီး ကျန်နှစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ထွက်ပြေးသူများထဲမှာ မူးယစ်ဆေးဝါးမှုဖြင့် သြဂုတ်လ ၈ ရက်နေ့က ပြစ်ဒဏ်နှစ်ရှည် အမိန့်ချမှတ် ခံထားရပြီး အကျဉ်းထောင်သို့ပို့ရန် တစ်ရက်သာ လိုတော့သည့် အကျဉ်းသားတစ်ဦး၊ မူးယစ်ဆေးဝါးအမှုဖြင့် စစ်ဆေးခံနေရသူ တစ်ဦးနှင့် လူသတ်မှုဖြင့် ရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးခံနေရသူ တစ်ဦးတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါသုံးဦးသည် ယင်းနေ့ညက အချုပ်ခန်း မျက်နှာကြက်ကို လွှဖြင့် ထိုးခွာ၍ ဖောက်ပြေးသွားခဲ့ရာ မူးယစ်ဆေးဝါးအမှုဖြင့် စစ်ဆေးခံနေရသူ တစ်ဦးကို ပြန်ဖမ်းမိထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။


“မူးယစ်ဆေးဝါး တရားခံတစ်ဦးက သြဂုတ်လ ၈ ရက်နေ့က အမိန့်ချပြီးပြီး ၉ ရက်နေ့မှာ ထောင်ကို လွှဲပေးတော့မှာ၊ အဲဒီမနက်မှာ ဖောက်ပြီး ထွက်ပြေးသွားတာ၊ ထွက်ပြေးသွားတဲ့ သူထဲမှာ တစ်ယောက်က လူသတ်မှုနဲ့ ပဲခူးတိုင်းမှာ နေတယ်၊ ကျန်တဲ့ မူးယစ်ဆေးဝါးနဲ့ အမိန့်ချထားတဲ့ သူက နောင်ချိုမှာ နေတယ်လို့ သိရတယ်။ တရားခံတွေကိုလည်း အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်” ဟု ၎င်းကရှင်းပြသည်။
အဆိုပါ ပြင်ဦးလွင် မြို့မရဲစခန်း ဖောက်ထွင်းခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းတွင် တာဝန်ရှိသူ မရှိသဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်ကျရဲအရာရှိက ပြန်လည်ပြောကြားသည်။
The Voice

No comments:

Post a Comment