Monday, August 25, 2014

Ice Bucket Chall-enge အတွက် ဝန်ကြီးဦးရဲထွဋ်ကို အမျိုးသမီးတဦး စိန်ခေါ်

ALS အာရုံကြောရောဂါ တိုက်ဖျက်ရေးအတွက် ကိုယ့်ရဲ့ ခေါင်းပေါ်မှာ ရေခဲရေပုံးလိုက်လောင်းချပြီး ရံပုံငွေရှာပေးတဲ့ ‘‘Ice Bucket Challenge’’ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးလည်းဖြစ် သမ္မတ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဝန်ကြီးဦးရဲ့ထွဋ်ကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်က နေအမျိုးသမီးတဦးက စတင်စိန်ခေါ်လိုက်ပါတယ်။
Sabei Aung ဆိုသူ Facebook အကောင့်ပိုင်ရှင်အမျိုးသမီးတဦးက "ဝန်ကြီး လက်ခံမည် ဆိုပါက ကျမ ၏ ရေခဲရေပုံးဖြင့် ရေလောင်းခံနေသော ပုံအား စောလျင်စွာ fb တင်ပေးပါမည့် အကြောင်း၊ ဝန်ကြီးမှ လည်းပြန်လည် ပြီး ရေခဲရေပုံးဖြင့် ရေလောင်းခံနေသောပုံကို fb တင်ပေးစေလိုပါကြောင်း" ဆိုပြီး ဝန်ကြီး ဦးရဲထွဋ်ကို စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
စိန်ခေါ်ခဲ့တဲ့ မ Sabei Aung ဆိုသူ ကတော့ သူမရဲ့ Facebook စာမျက်နှာမှာ ရေခဲရေလောင်းချခံနေတဲ့ ပုံတွေကိုတင်ထားတာတွေ့ရပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်မယ် မပါဝင်ဘူးဆိုတာကိုတော့ ဝန်ကြီး ဦးရဲထွဋ်ကတော့ ခုချိန်ထိ တုန့်ပြန်ထားတာမတွေ့ရသေးပေမယ့် ဒီလှုပ်ရှားမှုဟာ ရောဂါဝေဒနာရှင်တွေအတွက် ကောင်းကျိုးဖြစ်စေမှာဖြစ်တဲ့အတွက် စိန်ခေါ်ခံရတဲ့ ဦးရဲထွဋ် အတွက်တော့ ဂုဏ်ယူစရာဖြစ်ပါတယ်။

Ice Bucket Challenge လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး စိန်ခေါ်တဲ့သူက အေးစက်နေတဲ့ ရေခဲရေပုံးကြီး တပုံးကို ခေါင်းပေါ်ကနေ ကိုယ့်ကိုယ်ကို လောင်းချပြရတာဖြစ်ပါတယ်။ ဒီလိုလောင်းချတာဟာ ဒီလှုပ်ရှားမှုကို လူအများသိစေလိုပြီး ALS အတွက် ရံပုံငွေတွေ ရရှိအောင်လို့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။
အေးစက်နေတဲ့ ရေခဲရေပုံးကြီးတပုံး လောင်းခံလိုက်တဲ့ သူတဦးကလည်း အဲလိုပြုလုပ်ပြီးတာနဲ့ တပြိုင်နက် နောက်ထပ် ၃ ဦးကို ထပ်ပြီး စိန်ခေါ်ခွင့်ရှိပါတယ်။ လောင်းချတဲ့လူက မိမိ လောင်းချခဲ့ကြောင်းကိုတော့ ရုပ်သံမှတ်တမ်းတင်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ သက်သေအဖြစ် မူဗီဖိုင်တင်ပေးရမှာဖြစ်ပါတယ်။
အခုဒီလှုပ်ရှားမှုမှာ ကမ္ဘာအချမ်းသာဆုံး စာရင်းဝင် Microsoft သူဌေး ဘီလ်ဂိတ်၊ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်၊ ကမ္ဘာကျော်ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်း၊ ချယ်ဆီးနည်းပြ မော်ရင်ဟို၊ နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ တို့အပါအဝင် အားကစားလောက၊ အနုပညာ လောကနဲ့ နိုင်ငံရေးလောက တို့က နာမည်ကျော်ကြားသူတွေလည်းပါဝင်ဆင်နွှဲကြပါတယ်။
Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ် က ရေခဲရေလောင်းချပြပြီး စိန်ခေါ်တဲ့ အတွက် Microsoft တည်ထောင်သူ ဘီးလ်ဂိတ် လည်း သူ့ကိုသူ အေးစက်နေတဲ့ ရေခဲရေတွေပုံးလိုက်လောင်းချပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားလည်း ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီးခံခဲ့ရပါတယ်။ သမ္မတ အိုဗားမားက ငြင်းပယ်ခဲ့ပြီး ရံပုံငွေ လှူဒါန်းသွားဖို့ ဂတိပြုသွားမယ်လို့ သတင်းတွေက ဆိုကြပါတယ်။
စိန်ခေါ်ခံရတဲ့လူက ဒီစိန်ခေါ်မှုကို ငြင်းပယ်ခဲ့ရင် အမေရိကန် နိုင်ငံရှိ ALS ပရဟိတ အဖွဲ့သုတေသနလုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းရမှာဖြစ်ပြီး လက်ခံပြီး လောင်းချခဲ့ရင်တော့ ၁ ဒေါ်လာပဲ လှူဒါန်းရမှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေ အတော်များများ ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာကတော့ ဒေါ်လာ ၁၀၀ ကို နှမျောလို့ မဟုတ်ဘဲ လူသိများလာအောင်နဲ့ ရံပုံငွေတွေ များများရရှိအောင်ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုက ဒီနှစ်ရရှိတဲ့ ငွေတွေကို ကင်ဆာရောဂါတိုက်ဖျက်ရေးအတွက် အသုံးပြုသွားမှာဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၂၂ သန်းကျော်ရရှိသွားပြီးဖြစ်ကြောင်းသိရပြီး ပြီးခဲ့တဲ့ နှစ်ဒီအချိန်မှာတော့ ၁.၇ သန်းတာရရှိသေးတယ်လို့ သိရပါတယ်။

The Irrawaddy

No comments:

Post a Comment