Wednesday, August 27, 2014

လစ်ဗျားရှိ စစ်သွေးကြွ တပ်ဖွဲ့များကို UAE တိုက်လေယာဉ်များ ဗုံးကြဲ

Photo: လစ်ဗျားရှိ စစ်သွေးကြွ တပ်ဖွဲ့များကို UAE တိုက်လေယာဉ်များ ဗုံးကြဲ
Wednesday, August 27, 2014

လစ်ဗျားနိုင်ငံ အတွင်းရှိ စစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံက တိုက်လေယာဉ်များ စေလွှတ် ကူညီခဲ့ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာခဲ့သည်။

ဩဂုတ် (၂၆)ရက်တွင် အမေရိကန် အာဏာပိုင်များက UAE အနေဖြင့် လစ်ဗျားအစိုးရကို ကူညီကာ အစွန်းရောက် စစ်သွေးကြွများကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အီဂျစ်နိုင်ငံရှိ လေကြောင်း အခြေစိုက် စခန်းများကို အသုံးပြုကာ UAE ၏ တိုက်လေယာဉ်များက လစ်ဗျားပိုင်နက်အတွင်း ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

လစ်ဗျားအစိုးရသည် နိုင်ငံအတွင်း၌ အုံကြွလာသည့် စစ်သွေးကြွများကို တွန်းလှန် ထိန်းချုပ်နိုင်ရန် ခက်ခဲစွာ ရုန်းကန်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း လစ်ဗျားရှိ စစ်သွေးကြွ စခန်းများကို တိုက်လေယာဉ်များက အနည်းဆုံး (၂)ကြိမ်မျှ ဗုံးကြဲခဲ့သည်။ “ဒီတိုက်ခိုက်မှုတွေကို UAE က တာဝန်ယူတာပါ”ဟု အမေရိကန် အရာရှိ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းက အဆိုပါ ဖြစ်ရပ်ကို ဖော်ပြသည့် New York Times ၏ သတင်းမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း UAE ၏ ဗုံးကြဲမှုအတွက် အမေရိကန်က ပါဝင်ထောက်ပံ့ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုသွားသည်။

UAE သည် အမေရိကန်လုပ် တိုက်လေယာဉ်များနှင့် ခေတ်မီ စစ်လက်နက်များကို ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်အကျခံ ဝယ်ယူထားသည့် နိုင်ငံဖြစ်သည်။ UAE လေတပ်တွင် အမေရိကန်၏ တိုက်လေယာဉ်များ၊ လေထဲတွင် ဆီဖြည့်နိုင်သည့် လေယာဉ်များ ရှိနေပြီး လစ်ဗျားရှိ သူပုန်များကို ဗုံးကြဲရာတွင် အီဂျစ်အစိုးရက အထူးခွင့်ပြုချက်ဖြင့် UAE တိုက်လေယာဉ်များကို တပ်စွဲခွင့် ပေးခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia

No comments:

Post a Comment