Friday, September 12, 2014

နိုင်ငံတကာ အကူအညီများ ထိရောက်စေရေး ယခုထက် ပိုမို လုပ်ဆောင်ရန် လိုအပ်ဟု ADB ဘဏ် ထောက်ပြ

   နိုင်ငံတကာ အလှူရှင်များမှ ပေးသော အကူအညီများ ထိရောက်စေရေး အတွက် ယခုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း စက်တင်ဘာလ (၁၁) ရက်နေ့က အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) မှ ထုတ်ပြန်သော စစ်တမ်းတွင် ထောက်ပြထားသည်။
                               ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အလှူရှင်များ အနေဖြင့် အစိုးရမှ တစ်ဆင့် လိုအပ်သော နေရာများသို့ ထောက်ပံ့ပေးနိုင်ရန် အတွက် အဆိုပြုမှု များနှင့် ပြင်ဆင် မှုများ ပြုလုပ် ထားသင့်ပြီး ပြည်ပမှ နည်းပညာ အထောက်အပံ့ယူရာ တွင်လည်း နိုင်ငံ၏ လုပ်နိုင်စွမ်းကို ဖြည့်ဆည်းရန် အတွက် သာဖြစ်ပြီး ထပ်တူ အစားထိုး သုံးစွဲရန် မသင့်ကြောင်း ထောက်ပြထားသည်။

                              ထို့အပြင် ငွေကြေး အထောက်အပံ့ပေးရန် အတွက်  အလှူရှင်များ ထံမှ အထောက်အပံ့များ၊ အတိုးနှုန်း နည်းပါးသည့် ချေးငွေများ ရယူရေး တို့ကို ဦးစားပေးအဖြစ် ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ဆက်လက် ဖော်ပြထားသည်။ အစိုးရနှင့် ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့်  ၎င်းတို့ အကြားတွင် သဘောတူထားသော စည်းမျဉ်းများ၊ ရှေ့ဆက် လုပ်မည့် မူဝါဒများဖြင့် ကောင်းမွန်သော ဖွံ့ ဖြိုး တိုးတက်မှုများကို အကောင်အထည် ဖော်သွားနိုင်မည် ဖြစ်ကြောင်း ADB ဘဏ်က သုံးသပ်ထားသည်။
                           နိုင်ငံတကာက ထောက်ပံ့တဲ့ အကူအညီ တွေကို ပြည်ပ အကူအညီ စီမံခန့်ခွဲရေး ဌာန ကနေ စီမံခန့်ခွဲပါတယ်။ အဲဒီက ညွှန်ကြားချက် တွေကို သက်ဆိုင်ရာ အကူအညီရတဲ့ အဖွဲ့အစည်းတွေ ဌာနတွေက အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ် ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဘတ်ဂျက် ရေးဆွဲရေးဌာနမှ ဒါရိုက်တာ ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။
                        အစိုးရ အနေဖြင့် နိုင်ငံတကာ အလှူရှင်များက ပေးသော အကူအညီများကို အဆင့်ဆင့် စီမံကိန်း ရေးဆွဲကာ အသုံးပြုလျက် ရှိကြောင်း သိရသည်။ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာက မြန်မာနိုင်ငံကို အထောက်အပံ့များ ပိုမို ပေးအပ်လာကြပြီး မကြာသေးခင် ကလည်း ဥရောပသမဂ္ဂသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ အမေရိကန် ဒေါ်လာသန်း (၁၄၀၀) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပြောကြားထား သည်။

The Messenger

No comments:

Post a Comment