Wednesday, September 10, 2014

Apple က iPhone 6 ၊ iPhone 6 Plus နှင့် စမတ်နာရီသစ်ကို မိတ်ဆက်


နာမည်ကျော် iPhone ကို မျက်နှာပြင်အရွယ်အစား ပြောင်းလဲခဲ့ပြီး ပိုမိုကြီးမားသော ၄ ဒသမ ၇ လက်မအရွယ် iPhone 6 နှင့် ၅ ဒသမ ၅ လက်မအရွယ် iPhone 6 Plus တို့ကို စက်တင်ဘာ ၉ ရက်တွင် Apple က မိတ်ဆက်ခဲ့သည်။

ပိုမိုတာရှည်ခံသော ဘက်ထရီနှင့် ပိုမိုမြန်ဆန်သော ပရိုဆက်ဆာတို့ ပါဝင်သည့် iPhone အသစ်များသည် “Retina HD” မျက်နှာပြင်နည်းပညာကို သုံးစွဲထားပြီး ယခင်မျိုးဆက် iPhone 5S ထက် မီလီမီတာဝက်နီးပါး ပိုမိုပါးလွှာသွားမည် ဖြစ်သည်။


 
iPhone 6 များကို စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်၌ စတင်ရောင်းချမည်ဖြစ်ပြီး နှစ်နှစ်သဘောတူစာချုပ်ဖြင့် ဝယ်ယူပါက ယခင် iPhone များအတိုင်း ၁၉၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ iPhone 6 Plus ကို နှစ်နှစ်စာချုပ်ဖြင့် ဝယ်ယူမည်ဆိုလျှင် ၂၉၉ ဒေါ်လာဖြင့် ရရှိမည်ဖြစ်သည်။ ယခုနှစ်ကုန်မတိုင်မီ ကမ္ဘာ့နိုင်ငံ ၁၁၅ နိုင်ငံထက်မနည်း၌ iPhone 6 များကို ရောင်းချသွားမည်ဖြစ်ကြောင်း Apple ၏ ဒုဥက္ကဌ ဖီးရှီလာက ပြောကြားခဲ့သည်။ ရှေ့ဖန်သားမျက်နှာပြင်ကို အနားစွန်းများ၌ ခုံးထားသော iPhone 6 သည် iPhone 5S ထက် ပုံရိပ်အရည်အသွေး 1 million pixels ပိုများမည်ဖြစ်သည်။

iPhone များနှင့် ခရက်ဒစ်ကဒ်များကို ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက် မိုဘိုင်းပိုက်ဆံအိတ်နည်းပညာသစ် Apple Pay ကိုလည်း Apple က မိတ်ဆက်ခဲ့သည်။ iPhone သစ်များတွင် NFC ရေဒီယိုအင်တင်နာပါရှိပြီး ငွေပေး၊ ငွေယူ သတင်းအချက်အလက်များကို ထိန်းသိမ်းနိုင်သော နည်းပညာပါရှိသည်။

Apple ၏ iPhone 6 နှင့် iPhone 6 Plus အား Apple ဒုဥက္ကဋ္ဌက စက်တင်ဘာ ၉ ရက်တွင် ရှင်းလင်းပြသနေစဉ် (Photo:AFP)

Apple ၏ စမတ်နာရီ

Apple ၏ အမှုဆောင်အရာရှိချုပ် တင်ကွတ်သည် အားလုံးကမျှော်လင့်နေကြသော Apple ၏ နည်းပညာပစ္စည်းသစ် စမတ်နာရီကို ကြေညာခဲ့ပြီး ယင်းနာရီကို ရိုးရှင်းစွာပင် Apple Watch ဟု အမည်ပေးခဲ့သည်။

ဝတ်ဆင်၍ရသော နည်းပညာဈေးကွက်သို့ ဝင်ရောက်လာသော Apple ၏ စမတ်နာရီသည် ဝတ်ဆင်သူ၏ ကျန်းမာရေး၊ ကြံ့ခိုင်မှု နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို စောင့်ကြည့်နိုင်ပြီး ယင်းအချက်အလက်များကို iPhone နှင့် iPad သို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်သည်။ နာရီ၏ ဘေးတွင် ဒစ်ဂျစ်တယ်ထိပ်ဖူးတစ်ခုကို တပ်ဆင်သုံးစွဲထားပြီး ယင်းထိပ်ဖူးက Home ခလုတ်ကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်သည်။ Apple Watch ကို နီလာသွေးပါသော အနားလုံးမှန်မျက်နှာပြင်ဖြင့် ဖုံးအုပ်ထားပြီး ယင်းမျက်နှာပြင်က ဖိအား၏ပြင်းအားကို မှန်းဆသိရှိနိုင်သည်။

Apple Watch ကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်ပြီး နာရီလက်ပတ်ကြိုးကို ခြောက်မျိုးရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Apple Watch စမတ်နာရီသည် iPhone နှင့် iPad ရှိ သီချင်းများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ပြီး နာရီအတွင်း၌လည်း သီချင်းများ ထည့်သွင်းနားဆင်နိုင်မည်ဖြစ်သည်။ Apple Watch သည် iPhone နှင့် တွဲဖက်အသုံးပြုရန်လိုအပ်မည်ဖြစ်ပြီး iPhone 6 ၊ iPhone 6 Plus ၊ iPhone 5 ၊ iPhone 5C ၊ iPhone 5S တို့နှင့်တွဲ၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ Apple Watch များကို ၃၄၉ ဒေါ် လာဖြင့် လာမည့်နှစ်အစောပိုင်းတွင် စတင်ရောင်းချမည်ဖြစ်သည်။

ပြည်မြန်မာ

Apple ၏ စမတ်ဖုန်းသစ် iPhone 6 ၊ iPhone 6 Plus နှင့် စမတ်နာရီ Apple Watch တို့ကို အမှုဆောင်အရာရှိချုပ် တင်ကွတ် က မိတ်ဆက်ပြသနေစဉ်(Photo: AFP))

No comments:

Post a Comment