Wednesday, September 10, 2014

တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ခြင်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းကြောင့် ဈေးနှုန်းနှင့် အရောင်းအဝယ် မြင့်တက်

ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်အတွင်း အရောင်းအဝယ်များနှင့် မြေဈေးနှုန်းများမှာ ယခုရက်ပိုင်း အတွင်း ယခင်ကာလ များထက် အရောင်းအဝယ် ပိုမိုဖြစ်ပေါ်လျက် ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

အိမ်ခြံမြေ အရောင်းအဝယ်နှင့် ဈေးနှုန်းပိုင်း မြင့်တက်နေရခြင်းမှာ ရန်ကုန်မြို့၌ တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ခြင်း များနှင့် ရန်ကုန်မြို့သစ် စီမံကိန်းများကြောင့် စီးပွားရေး လုပ်ငန်းရှင်များက အိမ်ခြံမြေများကို ဈေးနှုန်းများ အဆမတန်ပေး၍ ဝယ်ယူလာခြင်း များကြောင့် ဖြစ်ပြီး အဆိုပါ
စီမံကိန်းမြေ နေရာများနှင့် နီးစပ်သည့် ဒေသများတွင်လည်း အိမ်ခြံမြေ ဈေးနှုန်း များမှာ မြင့်တက်လာကြောင်း သိရသည်။

''အခုချိန်က ဝါတွင်းကာလ ဆိုပေမယ့် အရောင်းအဝယ်က အရင်ရက်တွေထက် ပိုကောင်းနေတယ်။ အထူးသဖြင့် ရန်ကုန်မြို့သစ် စီမံကိန်းနားက လယ်မြေတွေနဲ့ သူ့ဝန်းကျင်က မြေနေရာတွေ အဝယ်လိုက်နေတယ်။ ဈေးနှုန်းကတော့ စီမံကိန်းဆိုတာနဲ့ ဈေးတွေက တက်လာတယ်။ ဒီလိုနေရာတွေမှာ မြေဈေးနှုန်း ထိန်းချုပ်ဖို့တော့ လိုအပ်တယ်'' ဟု ဒလမြို့နယ် မှ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောကြားသည်။

သြဂုတ်လအတွင်း ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ မြို့သစ် ဖော်ထုတ်မည်ဟု တရားဝင် ကြေညာခဲ့ပြီး နောက်ပိုင်းတွင် မြေအရောင်းအဝယ် ဈေးကွက်များ ဂယက်ရိုက် လာခြင်း ဖြစ်ကြောင်း၊ လက်ရှိမှာ ယင်းစီမံကိန်း သတင်းများကြောင့် လှိုင်သာယာ၊ တွံတေး ကားလမ်းအနီး ပတ်ဝန်းကျင်တွင် ရှိသော လယ်မြေများကို ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်များက ဝယ်ယူ စုဆောင်းမှုများ ရှိပြီး စီးပွားရေး လုပ်ငန်းရှင်များကလည်း စုံစမ်း မေးမြန်းမှုများ ပြုလုပ်လာကြကြောင်း ဒေသခံများက ပြောသည်။

ယင်းနေရာများမှာ ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များ၌ တည်ရှိပြီး မြေဧရိယာ အကျယ်အဝန်း ခန့်မှန်းဧက ၃ဝဝဝဝ ခန့် ရှိမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ငွေကျပ် ဘီလီယံ ၇ဝဝဝ နှင့်အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ အနေဖြင့် ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်ရာတွင် လူလေးသိန်းခန့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

သောက်သုံးရေ အလုံအလောက် ရရှိစေရန်အတွက် ခေတ်မီ ရေထုတ် သန့်စင်မှု စနစ်များ၊ လျှပ်စစ် အလုံအလောက် ရရှိစေရေး အတွက် သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment