Thursday, September 11, 2014

မြန်မာနိုင်ငံအား ဂျီဟတ် ဆင်နွှဲမည်ဟု ဆိုခြင်းကို ပြည်တွင်း မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက် ကန့်ကွက်

  အကြမ်းဖက် လုပ်ငန်းများကို လုပ်ကိုင် နေသော အယ်လ်ခိုင်ဒါ အဖွဲ့က မြန်မာနိုင်ငံကို ဂျီဟတ် ဆင်နွှဲမည်ဟု ကြေညာခင်းကို  ပြည်တွင်းရှိ  မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက်မှ ကန့်ကွက်ခဲ့သည်။
                     အိန္ဒိယနိုင်ငံ အယ်ခိုင်ဒါအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာ အပါအ၀င် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံကို ပစ်မှတ် ထားကြောင်း၊ အယ်လ်ခိုင်ဒါ ခေါင်းဆောင် အယ်လ်ဇာဝါ ဟီရီက ပြောကြားသည့် ဗီဒီယို ထွက်ပေါ် လာပြီး နောက်တွင် မွတ်စလင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့ဝင်များစု ပေါင်းကာ ကန့်ကွက်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း ယင်းကွန်ရက် တာဝန်ခံ တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်း က ပြောသည်။

                ““ကုရ်အာန်ကျမ်းစာ တကယ့် အစ္စလမ်ရဲ့ တကယ့် လမ်းညွှန်ချက် တွေနဲ့ ဆန့်ကျင် ကွဲလွဲနေတယ်။ သူတို့ရဲ့တခြား အကျိုး စီးပွားတွေ အတွက်လို့ပဲ မှတ်ယူတယ်။ ဒါမြန်မာနိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှု၊ စည်းလုံး ညီညွတ်မှုကို ထိခိုက်စေတဲ့ အတွက် ဒီကြေညာချက် အပေါ်မှာ ဆန့်ကျင်တယ်။ ဒါကိုလည်း အစ္စလာမ် ဘာသာဝင် မြန်မာ မွတ်စလင်များ အနေဖြင့် ဒီသဘောထားကို ဆန့်ကျင် ကန့်ကွက် သင့်ကြောင်း ကျွန်တော်တို့က တိုက်တွန်းပါတယ်”” ဟု ဦးအောင်သိန်း က ပြောသည်။
                ထိုကဲ့သို့ ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်ကို အယ်လ်ခိုင်ဒါ အဖွဲ့အား ပေးပို့ရန် မဖြစ်နိုင်သောကြောင့် မီဒီယာများ မှ တစ်ဆင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။
                မြန်မာနိုင်ငံ အပေါ် ဂျီဟတ် စစ်ပွဲ ဆင်နွှဲမည် ဟု အယ်လ်ခိုင်ဒါ၏ ထုတ်ပြန်မှုကို နိုင်ငံတော် သမ္မတရုံး မှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး က စိုးရိမ်စရာ မလိုကြောင်း ၎င်း၏ လူမှု ကွန်ရက် စာမျက်နှာတွင် ရေးသား ထားသည်။
                ““အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ရော နိုင်ငံသား တစ်ယောက် အနေနဲ့ရော မည်သည့် အကြမ်းဖက် မှုကိုမဆို လက်မခံဘူး။ အယ်လ်ခိုင်ဒါပဲ ဖြစ်ဖြစ်၊ IS IS  ပဲဖြစ်ဖြစ် အကြမ်းဖက် သတ်ဖြတ် တာတွေကို သဘော မတူဘူး။ လူ့ အခွင့်အရေး အရလည်း ဆန့်ကျင် ကန့်ကွက်တယ်”” ဟု မိတ္ထီလာ မြို့နယ် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစန်းဝင်းရှိန် က ပြောသည်။
                အယ်လ်ခိုင်ဒါ အဖွဲ့သည် ၂၀၁၁ ခုနှစ်က အမေရိကန် နိုင်ငံရှိ ကုန်သွယ်မှု စင်တာကို အကြမ်းဖက် တိုက်ခိုက် ခဲ့သော အဖွဲ့ဖြစ်သည်။ ပါကစ္စတန် နှင့် အာဖဂန်စ္စတန် နိုင်ငံတွင် အခြေစိုက်၍ အကြမ်းဖက် လုပ်ငန်းများ ကို ဆောင်ရွက် နေသောကြောင့် ကမ္ဘာ့ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ် ထားခြင်း ဖြစ်သည်။

Messenger

No comments:

Post a Comment