Saturday, September 13, 2014

ရွှေမန်းသူ ခရီးသည်တင်မှန်လုံယာဉ်ကို ခဲဖြင့်ပေါက်ခံရမှု အချိန်တိုအတွင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ

စက်တင်ဘာ ၁ဝ ရက် ည ၈ နာရီခွဲက ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၉ဝ/၁-၂) အကြား မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် နယ်မြေအတွင်း၌ ရန်ကုန်ဘက်မှ နေပြည်တော် ဘက်သို့ ယာဉ်မောင်း ဦးခိုင်စိုး မောင်းနှင်သော ၅ဃ/၉၈၅၃ ရွှေမန်း သူခရီးသည်တင်မှန်လုံယာဉ်ကို ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ခရီးသည်တင် ယာဉ်၏နောက်ဘက်ခြမ်း လေကာမှန်၌ အလျားသုံးပေ၊ အနံ နှစ်ပေ ခြောက်လက်မကွဲအက်သွားပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သုံးသိန်း ဆုံးရှုံးခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ည ၉ နာရီတွင် ဖြူးအမြန်လမ်းရဲစခန်းသို့ သတင်းပို့ခဲ့သဖြင့် ဖြူးအမြန်လမ်း ရဲစခန်းမှ မြို့ချောင်းအမြန်လမ်းရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီး အခင်းဖြစ်နေရာသို့ စခန်းမှူးနှင့်အဖွဲ့သည် ချက်ချင်းသွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ မော်တော်ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူမှာ မောင်--- (၁၅ နှစ်) ရေအေးကျေးရွာ ကျောက်တံခါး မြို့နယ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ကို လေးခွဖြင့် ပစ်သူအပေါ် အရေးယူ ပေးရန် စက်တင်ဘာ ၁၁ ရက် နံနက် ၁၂ နာရီကျော်က ဦးစိုးဝင်း (၄၄ နှစ်) ယာဉ်ကြီးကြပ်ရေးမှူး ရွှေမန်းသူ ခရီးသည်တင်ယာဉ်လိုင်း ပါရမီကားဝင်း ရန်ကုန်တိုင်းဒေသကြီး နေသူက တရားလိုပြုလုပ်တိုင်တန်း သဖြင့် မြို့ချောင်းအမြန်လမ်း ရဲစခန်းက အမှုဖွင့်အရေးယူထားပြီး တရားစွဲတင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)
Myanmaalinn

No comments:

Post a Comment