Wednesday, September 24, 2014

အရွယ်မရောက်သေးတဲ့ လူငယ်တွေ ဖျက်ဆီးခံနေရပြီလား

ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ လူငယ်တွေ ဆေးလိပ်၊ အရက်၊ ဘီယာ သုံးစွဲမှု မြင့်တက်လာပါတယ်။

တိုးတက်လာတဲ့ ခေတ်အခြေအနေအရ လူငယ်တွေ သွားလာနေထိုင်မှု ပုံစံတွေ ပြောင်းလဲလာတယ် ဆိုတာ နားလည်ပေးနိုင်ပေမယ့် ကိုယ်နိုင်ငံနဲ့ မကိုက်ညီတဲ့ လူမှုကျင့်ဝတ်တွေကို ထိန်းချုပ်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ လူငယ်တွေကို တည်းခိုခန်းတွေမှာ တည်းခိုခွင့်ပြုတာ၊ အရက်ဘီယာ ဆေးလိပ် အရောင်းအဝယ် လုပ်နေတာတွေကို ထိန်းချုပ်ဖို့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက အဆိုတင်လိုက်ပါတယ်။

အဲလို ပြုလုပ်နေတာကို ထိန်းချုပ်တဲ့ ဥပဒေတွေကို ဖြည့်စွက် အစားထိုးရေးဆွဲဖို့ ပြည်ထောင်စု အစိုးရကို တင်ပြပေးဖို့ တိုက်တွန်းကြောင်း အဆိုကို သူက တင်သွင်းခဲ့တာပါ။

အရွယ် မရောက်သေးသူတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ထိန်းချုပ်တဲ့ နေရာမှာ ထိထိရောက်ရောက် အရေးယူနိုင်မှပဲ လိုက်နာကြမယ်။ ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ဖြည့်စွက် ရေးဆွဲဖို့ လိုတယ်လို့ ဦးခင်မောင်ထူးက ပြောပါတယ်။
“ငယ်ရွယ်နုပျိုတဲ့ ဘဝတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ နိုင်ငံတော်အတွက် အထူးအရေးကြီး ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
အရွယ်မရောက်သေးတဲ့ လူငယ်တွေကို တည်းခိုခန်းတွေမှာ တည်းခွင့်ပြုတာ၊ အရက်၊ ဘီယာ၊ ဆေးလိပ် အရောင်းအဝယ် ပြုလုပ်နေတာတွေကို ထိန်းချုပ်ရေး၊ ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေတွေ ဖြည့်စွက် အစားထိုးပေးရေးအတွက် ပြည်ထောင်စုအစိုးရဆီသို့ တင်ပြပေးရေးအဆိုကို စက်တင်ဘာ၂၄ရက်နေ့မှာ ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ဆွေးနွေးအတည်ပြုမှာဖြစ်ပါတယ်။

The Voice Weekly

No comments:

Post a Comment