Wednesday, September 24, 2014

မဖြူနှင်းထွေးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗ.က.သ ကျောင်းသားများ ဆန္ဒထုတ်ဖော်

လက်ပံတောင်းဒေသ ဆည်တည်း ကျေးရွာအနီးတွင် မေလအတွင်း တရုတ် ဝန်ထမ်းနှစ်ဦးအား ပြန်ပေး ဆွဲသည်ဟု ဆိုသည့် စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် အဝေးသင်တက္ကသိုလ် မြန်မာစာ ဒုတိယနှစ်မှ ကျောင်းသူ ဖြူနှင်းထွေးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဗ.က.သ ကျောင်းသားများက စက်တင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင် တရားရုံး၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မဖြူနှင်းထွေးကို ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်ဝန်ထမ်း နှစ်ဦး ဖမ်းဆီးခံရမှုတွင် ဆည်တည်းရွာ ဒေသခံများနှင့်
အတူပါဝင်ခဲ့သည်ဟုဆိုကာ စက်တင်ဘာ ၁၃ ရက်နေ့တွင် ဖမ်းဆီးခံ ခဲ့ရကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ယင်းမာပင်ခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး တရားရုံးက ရာကြီးမှု အမှတ် ၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၆၄/၃၆၈ ဖြင့် အမှုကို လက်ခံခဲ့ခြင်း ဖြစ်ကြောင်း မဖြူနှင်းထွေး၏ မိသားစုဝင်များက ဆိုသည်။
စက်တင်ဘာ ၂၃ ရက်နေ့က ပြုလုပ်သော မဖြူနှင်းထွေး၏ ဒုတိယအကြိမ် ရုံးချိန်းတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြင်းခြံနှင့် စစ်ကိုင်းမြို့များမှ ဗ.က.သ အဖွဲ့ဝင် ကျောင်းသားများ လာရောက်ခဲ့ကြပြီး လာရောက် ကြည့်ရှုသူများ အပါအဝင် လူဦးရေ တစ်ရာဝန်းကျင်ခန့်အထိ ရှိခဲ့ကြောင်း ဗ.က.သ ကျောင်းသား တစ်ဦးက ပြောကြားသည်။

တရားရုံး ပတ်ဝန်းကျင်တွင် လာရောက်ကြသည့် ဗ .က.သ ကျောင်းသားများက မတရား ဖမ်းဆီးခံထားရသော ဖြူနှင်းထွေး ချက်ခြင်းလွှတ် စာတန်းပါ ဖြူနှင်းထွေး ဓာတ်ပုံဗီနိုင်းများကို ကိုင်ဆောင်ပြီး ဗ.က.သ ရဲဘော်ဖြူနှင်းထွေး ချက်ချင်းလွှတ်၊ ကျောင်းသားထု အခွင့်အရေး ချက်ခြင်းပေး စသည့်အချက်များ ကို ကြွေးကြော်ခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“တရုတ်တွေကို ကျွန်မ မဖမ်းဘူး။ တောင်သူလယ်သမားတွေ နစ်နာတဲ့အတွက် ကျွန်မလာပြီး ကူညီပေးတာ။ အခုဒီကို လာရောက်ပေးတဲ့ အဖွဲ့အစည်း အားလုံးကို ကျေးဇူးတင်တယ်။ အဓိက ကတော့ ဗ .က.သ ကျောင်းသားတွေကို ကျေးဇူးတင်တယ်” ဟု ဒုတိယအကြိမ် ရုံးချိန်းအပြီး ပြန်လည် ထွက်ခွာလာစဉ်တွင် ဖြူနှင်းထွေးက ပြောကြားသည်။

မဖြူနှင်းထွေးအား အာမခံပေးရန် ရုံးတော်သို့ တင်ပြခဲ့သော်လည်း ယင်းမာပင် ခရိုင်တရားရုံးက အာမခံအား ပယ်ချခဲ့ကြောင်း ၎င်းမိသားစုဝင်များက ဆိုသည်။
ယခုရုံးချိန်းတွင် မဖြူနှင်းထွေးအား တရားလိုပြု လုပ်တိုင်တန်းထားသည့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း တာဝန်ခံ ဦးလှစိန်က တရုတ်ဝန်ထမ်း နှစ်ဦး ဖမ်းဆီးခံခဲ့ရပုံများနှင့် ဖြစ်စဉ်များအား တရားရုံးတွင် ထွက်ဆိုခဲ့ပြီး တရားလိုပြ သက်သေများအဖြစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဥပဒေအကြံပေး ဦးအောင်မြင့်နှင့် ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် တို့ကလည်း တရားရုံးတွင် လာရောက် ထွက်ဆိုခဲ့ပြီး ရုံးချိန်းအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထပ်မံရုံးချိန်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment