Tuesday, September 9, 2014

ဧရာဝတီမြစ်ဆိပ်ကမ်းကပ် သင်္ဘောများတွင် ခိုးမှု၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေ၍ လုံခြုံရေးတိုးမြှင့်

မန္တလေးမြို့ ဧရာဝတီ မြစ်ဆိပ်ကမ်းများတွင် ဆိုက်ကပ် ရပ်နားထားသော ခရီးသည်တင် ရေယာဉ်နှင့် ကုန်တင်သင်္ဘောများတွင် မကြာခဏ ပစ္စည်းခိုးယူခံရခြင်း၊ အနုကြမ်းစီးသည့် သဏ္ဌာန်လုယက်ခံရခြင်းများ ကြုံတွေ့နေရသည့်အတွက် သြဂုတ်လကုန်ပိုင်းမှစတင်ကာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ  လုံခြုံရေးတိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆိုက်ကပ်ထားသော သင်္ဘောများ လုံခြုံမှုရှိစေရန် သြဂုတ်လကုန်မှစတင်ကာ  တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် သီးခြားတပ်ဖွဲ့များဖွဲ့စည်းကာ လုံခြုံရေးတင်းကျပ်ထားခြင်း ဖြစ်သည်ဟု  တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှဒု-ရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။


မန္တလေးမြို့အနီး ဧရာဝတီ မြစ်ဆိပ်ကမ်းတစ်လျှောက် ဂေါဝိန်ဆိပ်ကမ်း၊ ရွှေကြက်ယက်ဆိပ်ကမ်းနှင့် သံဘိုကျွန်းစသည်တို့ တွင် ဆိုက်ကပ်ထားသော သင်္ဘောများနှင့် စက်တပ်လှေများပေါ်မှ ပစ္စည်းများခိုးယူခံရခြင်းနှင့် လူမြင်ကွင်းတွင်ပင် အနုကြမ်းစီးသကဲ့သို့ လုယက်ခံရခြင်းများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဧရာဝတီမြစ်ဆိပ် ရေယာဉ်အသင်းများနှင့် သင်္ဘောပိုင်ရှင်များက ပြောသည်။ ပြီးခဲ့သည့် ဇွန်လမှ သြဂုတ် လကုန်ပိုင်းအထိ ဆိုက်ကပ်ရပ်နားထားသော သင်္ဘောများပေါ်မှ ပစ္စည်းလုယက်ခိုးယူခံရမှု အကြိမ် နှစ်ဆယ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ရေယာဉ်လုပ်ငန်းရှင်များက ပြောသည်။ ဧရာဝတီမြစ်တစ်ဖက်ကမ်းနှင့် မြစ်လယ်ရှိ ကျွန်းများပေါ်မှ လူအုပ်များက စက်တပ်လှေများဖြင့် ဆိပ်ကမ်းတွင် ရပ်နားထားသော သင်္ဘောများပေါ်မှ ပစ္စည်းများအား ပေါ်ပေါ်ထင်ထင် ခိုးယူနေခြင်းဖြစ်သည်ဟု ဆိုကြသည်။

‘‘လူလစ်ရင်ခိုးတယ်။ လူမလစ်ဘဲ သင်္ဘောပေါ်မှာ လူအုပ်စု နည်းရင်လည်း သင်္ဘောပေါ်တက်ပြီး လုယူတယ်။ မြင်ပေမယ့်လည်း မပြောရဲဘူး။ သူတို့က လေးခွတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ ခိုးယူ ပြီးရင် ထွက်ပြေးသွားကြတယ်။ သူတို့စက်လှေတွေကလည်း တော် တော်မြန်တယ်။ ခုထိခိုးခံနေရ တုန်းပဲ’’ဟု နိုင်ငံခြားသားပို့ဆောင်ရေးရေယာဉ်အသင်း ဥက္ကဌ ဦး သက်ထွန်းက ပြောသည်။

မန္တလေးခရိုင်အတွင်း ဧရာဝတီမြစ်ဆိပ်ကမ်းဆယ်ခုရှိပြီး ၎င်းဆိပ်ကမ်းများလုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ ဆယ်ဖွဲ့ဖွဲ့ကာ သက်ဆိုင်ရာရေကြောင်းတပ်ဖွဲ့များ၊ ဆိပ်ကမ်းကုန်တင်ကုန်ချ အဖွဲ့များ၊ ဆိပ်ကမ်းအလုပ်သမား အဖွဲ့များ ပူးပေါင်းကာ သက်ဆိုင်ရာနယ်မြေအလိုက် လှည့်ကင်း၊၀ပ်ကင်းများ ဆောင်ရွက်ခြင်း၊ ဧရာဝတီမြစ်တွင်းကင်းလှည့်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုသည်။ ထို့ပြင် မြစ်ကြောင်းနှင့် ဆက်စပ်နေသည့် ကုန်းပေါ်တွင်လည်း လှည့်ကင်းအဖွဲ့ငါးဖွဲ့ဖြင့် ကင်းလှည့်ဆောင်ရွက်နေသည်ဟု ဒု- ရဲမှူးကြီး ဇော်မင်းဦးက ပြော သည်။

  လက်ရှိတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကျပ်ထားရာ လာရောက်ခိုးယူသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်တွေ့ဆုံပစ်ခတ်ရမှုများရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ယခုလ ၆ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် ဧရာဝတီမြစ်အတွင်း စစ်ကိုင်းတံတားအောက်တွင် မသင်္ကာဖွယ်လူတစ်စုနှင့် တွေ့ဆုံပြီး နှစ်ဖက် အပြန်လှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လိုက်လံဖမ်းဆီးရာ ထွက်ပြေးသွားကြသဖြင့် စက်တပ်လှေနှင့် ပစ္စည်းအချို့သိမ်းဆည်း ရမိခဲ့သည်ဟု တိုင်းရဲရုံးမှ သတင်း ရရှိသည်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်း အေးသာစံမြို့နယ်၊ မဟာအောင် မြေမြို့နယ်၊ ချမ်းမြသာစည်မြို့ နယ်နှင့် အမရပူရမြို့နယ်များရှိ ဆိပ်ကမ်းများသည် ဆက်စပ်လျက်ရှိပြီး လွန်ခဲ့သည့် နှစ်အတော်ကြာကတည်းက ခိုးယူမှုများ ခံနေကြရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွတ်တော် အစည်းအဝေးတွင်   ဧရာဝတီမြစ်ကမ်းတစ်လျှောက်  ဆိုက်ကပ်ထားသော ရေယာဉ်များပေါ်မှ  ပစ္စည်းများမကြာခဏခိုးယူခံနေရ၍ တိုင်းအစိုးရအဖွဲ့မှ  ဖြေရှင်းဆောင်ရွက်ပေးရန်  လွှတ်တော်ကိုယ်စားလှယ်များက  အဆိုတင်သွင်းခဲ့သည်။ ထိုစဉ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီးက ဆိပ်ကမ်းများလုံခြုံရေးအတွက် သီးခြားလုံခြုံရေးအဖွဲ့ဖြင့် ဆောင်ရွက်ပေးမည်ဟု   ပြောကြားခဲ့သည်။

7 Day News Journal

No comments:

Post a Comment