Monday, September 29, 2014

မြန်မာနိုင်ပြီသီချင်း ဖွင့်မယ်ဆိုရင် . . .

(၁)
စနေနေ့ဆိုတော့ မိသားစုဟိုဒီသွားဖို့ ကားလေးနဲ့ ထွက်ခဲ့တယ်။ ဒါပေမဲ့ ရွှေဂုံတိုင်မီးပွိုင့်ရောက်တဲ့ အချိန်မှာပဲ စိတ်ညစ်စရာ၊ စိတ်ကသိကအောက် ဖြစ်စရာတွေနဲ့ တိုးတော့တာပဲ။ မီးပွိုင့်မှာ ယာဉ်ထိန်းရဲက ပျာပျာသလဲနဲ့ ဘယ်လိုအကောင်ကြီးကြီး လာသလဲတော့ မသိ။ အလုပ်ရှုပ်နေတယ်။ ကားတွေလည်း လေးဘက်လေးတန် တန်းစီပြီး ပိတ်ကုန်ရော၊ ယာဉ်ထိန်းရဲပုံစံက ရေးကြီးသုတ်ပျာနဲ့ လမ်းတွေကိုပိတ်ပြီး အကွေ့ယာဉ်ကြောဘက် အကြာကြီးစောင့် လမ်းရှင်းပေးနေတော့ အရေးကြီးတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုး သွားမှာမို့လည်းလို့ စိတ်ဝင်စားပြီး ကြည့်မိလိုက်တယ်။


အဲဒီမှာ သူတားပေးနေတဲ့ကားတန်းမှာ ပါသွားတာက တရုတ်သုံးလေးယောက်ပဲ။ ဘယ်လောက်အရေးပါတဲ့ သူတွေလဲ။ နိုင်ငံတော်အဆင့် အစိုးရအဖွဲ့က ဖိတ်ကြားထားတဲ့ သမ္မတတို့၊ ဝန်ကြီးတို့လည်း ဟုတ်ပုံမရဘူး။ ဒါပေမဲ့ သူတို့တွေက VIP ဖြစ်နေတာကိုး။ ကားနှစ်စီး၊ သုံးစီး၊ တရုတ်သုံးလေးယောက်နဲ့ သူတို့သွားဖို့ ယာဉ်အစီးရာနဲ့ချီ ရပ်စောင့်လိုက်ရတယ်။ အချိန် ၁၅ မိနစ်၊ မိနစ် ၂ဝ လောက် ကုန်သွားတယ်။ တရုတ်တွေကလည်း VIP ဖြစ်နေပြန်ရော။
(၂)
နောက်တစ်ခါ ယာဉ်ထိန်းက လမ်းကြောင်းရှင်းပေးနေလို့ မီးပွိုင့်မှာ ယာဉ်တွေ ထပ်စောင့်ကြရပြန်တယ်။ ဒီတစ်ခါ ကြည့်လိုက်တော့ Grand Royal ကုမ္ပဏီ ကြော်ငြာဆိုင်းဘုတ်ပါတဲ့ကားနဲ့ ချယ်လ်ဆီး အသင်းနည်းပြတွေ တင်ဆောင်သွားတာ တွေ့လိုက်ရပြန်တယ်။

ချယ်လ်ဆီးအသင်းနည်းပြဆိုလို့ ပရီးမီးယားလိဂ်မှာတွေ့နေရတဲ့ မော်ရင်ဟိုတို့အဖွဲ့လည်း မဟုတ်။ ချယ်လ်ဆီးအကယ်ဒမီက နည်းပြတွေ ဖြစ်နေတယ်။ ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ကန်နေတဲ့ အသင်းကို ကိုင်တွယ်တဲ့ နည်းပြအဖွဲ့၊ လူငယ်နည်းပြအဖွဲ့၊ အမျိုးသမီးနည်းပြအဖွဲ့၊ ပြီးတော့မှ အကယ်ဒမီကိုင်တဲ့ နည်းပြအဖွဲ့ဆိုပြီး အဆင့်ဆင့်ခွဲထားတာ။
ဒီတော့ ကျွန်တော်တို့ဆီရောက်ရင် အကုန် VIP တွေဖြစ်ကုန်ရော၊ အရက်ကုမ္ပဏီလည်း VIP ဖြစ်နေရော။
(၃)
ဒါတွေကိုမြင်တော့ ဘောလုံးအားကစားနဲ့ပတ်သက်ရင် ပေါ်ပြူ လာဖြစ်အောင်၊ လူအထင်ကြီးအောင်၊ လူတွေစိတ်ဝင်စားအောင် Hype လုပ်တတ်တဲ့ အကျင့်တွေရှိနေတာကို မနှစ်မြို့ဖွယ် တွေ့နေရတာကို စဉ်းစားမိလာတယ်။

အားကစားကို ခုတုံးလုပ်ပြီး အလွန်အကျွံ ဝါဒဖြန့်ချင်တာတွေ၊ မျိုးချစ်စိတ်ဆိုပြီး အမြတ်ထုတ် ချင်နေတာတွေ တွေ့တွေ့နေ ရတဲ့အတွက် စိတ်ပျက်မိတယ်။
ပြီးခဲ့တဲ့ ယူ-၁၉ ပြိုင်ပွဲတွေကိုပဲကြည့်။ ဘရူနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပွဲမှာ မြန်မာယူ-၁၉ ဗိုလ်စွဲတော့ တခမ်းတနား ဂုဏ်ပြုပွဲတွေလုပ်ကြ။ ကျပ်သိန်းပေါင်း ၂၆ဝဝ ကျော် ဆုချီးမြှင့်မှုတွေ လုပ်ခဲ့ကြတယ်။ အားကစားသမားတွေကို ဒီလိုဆုချီးမြှင့်တာ မပြောလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အားကစားအဆင့် အတန်းကို မှန်မှန်ကန်ကန် မြှင့်တင်နိုင်ဖို့ စဉ်ဆက်မပြတ် ပံ့ပိုးမှုပြုလုပ်တာ၊ စနစ်တကျ အားပေးချီးမြှောက်တဲ့ ပုံစံအတိုင်း သွားသင့်တယ်လို့ မြင်ပါတယ်။
ဖိတ်ခေါ်ပွဲတွေမှာ အောင်မြင်မှုရတယ်ဆိုတာနဲ့ ပေါ်ပြူလာဖြစ်အောင် အတင်းလုပ်ကြ။ ပြီးတော့ ရှုံးသွားရင် လှည့်မကြည့်တော့တဲ့ပုံစံက ကျွန်တော်တို့ဆီမှာ အရိုးစွဲသလို ဖြစ်နေတယ်။ အခုလည်း ယူ-၁၉ အသင်းက ဘရူနိုင်းမှာ ချန်ပီယံဖြစ်ပြီး မကြာခင်မှာပဲ ခွက်ခွက်လန်အောင် ပြန်ရှုံးတော့တာပဲ။ ကျွန်တော်တို့ဆီကပုံစံနဲ့ ထိုင်းတို့၊ စင်ကာပူတို့၊ ဗီယက်နမ်တို့က ပုံစံတွေ အတော်ကွာနေတုန်းပဲ။ ဒါ့ကြောင့်လည်း သူများတွေ သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ အောင်မြင်ပြီး အာရှအဆင့် တက်လှမ်းနေတဲ့အချိန်မှာ ကျွန်တော်တို့ သိသိသာသာ နောက်မှာကျန်နေခဲ့တာပေါ့။ ကျွန်တော်တို့က အရင်ကလို အာရှအဆင့်မပြောနဲ့ ဆီးဂိမ်းစ်လို ပြိုင်ပွဲမျိုးမှာတောင် နေရာမှန်ပြန်မရသေးဘူး။ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာဆိုရင် အိမ်ရှင်လည်းဖြစ်၊ အခြေအနေတွေလည်း ပေးရဲ့သားနဲ့ စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရတယ်။
(၄)
ဒီလိုအခြေအနေမျိုးမှာ လူကြိုက်များတဲ့ ဘောလုံးအားကစားမှာ အလွန်အကျွံ ဝါဒဖြန့်ချင်တာတွေ၊ မျိုးချစ်စိတ်ကို အကြောင်းပြပြီး Hype လုပ်နေတာတွေ တွေ့နေရတော့ စိတ်ပျက်မိတယ်။

“မြန်မာနိုင်ပေမယ့် မပျော်နိုင်ပါ” ဆိုပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း သူရဲ့ Facebook ကနေ ယူ-၁၉ နဲ့ပတ်သက်ပြီး အကျယ်တဝင့် ရေးထားတဲ့ဟာမျိုး မြင်မိတယ်။ “ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲမှာ မြန်မာ ယူ-၁၉ က ဗီယက်နမ် ယူ-၂၁ အသင်းကို အနိုင်ရတယ်ပေါ့။ ဒီပွဲကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပေးလို့ ပြည်သူတွေကြည့်ရပြီး အောင်ပွဲရပျော်နေချိန်မှာ သူကတော့ မပျော်နိုင်ဘူး။ ပျော်ဖို့ထက် ရှက်တဲ့စိတ်က ပိုနေတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲကြည့်နေတဲ့အချိန်မှာ သူက ညစာစားပွဲရောက်နေတယ်။ မြန်မာနိုင်တော့ သူ့အောက်ကဝန်ထမ်းတွေကို ဖုန်းဆက်ပြီး မြန်မာနိုင်ပြီသီချင်း ဖွင့်မှာလားလို့မေးတယ်။ ဒါပေမဲ့ မဖွင့်လိုက်နိုင်ဘဲ သားစိုးသီချင်းပဲ လွှင့်လိုက်ရတယ်။ ဒီတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ညွှန်ချုပ်ကနေ ဘောလုံးပွဲထုတ်လွှင့်တဲ့ ဝန်ထမ်းအဆင့်ဆင့် မြန်မာနိုင်သွားခဲ့ရင် ပြည်သူတွေ ဘယ်သီချင်းကြားချင်မလဲဆိုတာ ထည့်မတွေးခဲ့လို့ အင်မတန် ဝမ်းနည်းစရာကောင်းတယ်” ဆိုပြီး သူဦးရဲထွဋ်က အကျယ်တဝင့် ချဲ့ကားရေးခဲ့တယ်။
(၅)
ကျွန်တော်ကတော့ ဘရူနိုင်းဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာယူ-၁၉ အနိုင်ရဗိုလ်စွဲလို့ မြန်မာနိုင်ပြီသီချင်း မဖွင့်လိုက်ရတဲ့အတွက် ဝမ်းနည်းစရာ မကောင်းဘူး။ လက်ရှိမြန်မာ့ဘောလုံး အဆင့်အတန်း ရွှေခေတ် ကာလတွေတုန်းက အခြေအနေမျိုး ပြန်မရောက်နိုင်တာကသာ ဝမ်းနည်းစရာလို့ မြင်ပါတယ်။ နောက်ပြီး “မြန်မာနိုင်ပြီ” သီချင်းကလည်း မြန်မာဘောလုံး ရွှေခေတ်က ရေး စပ်ခဲ့တာ။ ၁၉၆၆ အာရှအားကစားပြိုင်ပွဲမှာ အာရှချန်ပီယံ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်တယ်။ ၁၉၇ဝ မှာ ထပ်မံပြီး အာရှချန်ပီယံ ပူးတွဲရရှိခဲ့တယ်။ အဲဒီတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မြန်မာဘောလုံးအောင်မြင်မှုကို ဒီသီချင်းနဲ့ ဖော်ကျူးခဲ့ကြတာပါ။ ဒီလိုသီချင်းမျိုးကို ဒေသတွင်း ဆီးဂိမ်းစ်အဆင့် အောင်မြင်မှုမျိုးလည်း မဟုတ်။ အာရှအဆင့်ကို တက်လှမ်းနိုင်တာလည်း မဟုတ်။ ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲတာနဲ့ ဖွင့်ရမယ်ဆိုတဲ့အချက်က ကြားရတာ ရယ်စရာဖြစ်နေပါတယ်။

ဘရူနိုင်းမှာ ဗိုလ်စွဲခဲ့တဲ့ မြန်မာ ယူ-၁၉ အသင်းက ကစားသမားအချို့ရဲ့ အသက်တွေ ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပြန်ရော။ ကြားသိရတဲ့ သတင်းတွေအရ အချို့ကစားသမားတွေဆိုရင် ကလပ်အသင်းကြီးတွေမှာ လေး၊ ငါးရာသီလောက် ပရော်ဖက်ရှင်နယ်တွေအဖြစ် ကစားနေကြပြီ။ အချို့တွေဆိုရင် ပြီးခဲ့တဲ့ လေး၊ ငါးနှစ်လောက်ကတည်းက အိမ်ထောင်ရက်သား ကျပြီးသားတွေ ဖြစ်နေကြပြီ။ ဘယ်အသက်အရွယ်ကတည်းက အိမ်ထောင်ပြုကြတယ် မသိ။ ကစားသမားတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုပုံအရဆိုရင် အချို့ကစားသမားတွေက အိမ်ထောင်ရက်သားကျလို့ ကလေးတောင် ရှိနေပြီဆိုတာတွေ ကြားသိရပါတယ်။ ဒေသတွင်း အသက်ကန့်သတ်ချက်နဲ့ ပြိုင်ရတဲ့ ပြိုင်ပွဲတွေမှာ မှန်ကန်မှုပိုင်းနဲ့ပတ်သက်ရင် ဟိုးအရင်ကတည်းက အငြင်းပွားစရာတွေ ရှိခဲ့တာ ငြင်းလို့မရနိုင်ပါဘူး။
ဒီတော့ ကျွန်တော်တို့အနေနဲ့ မြန်မာ့ဘောလုံးအဆင့်အတန်း၊ မြန်မာ့အားကစား အဆင့်အတန်းကို ပြန်လည်မြှင့်တင်ဖို့ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိဖို့က အရေးပါလှပါတယ်။ အခုဆိုရင် ကျွန်တော်တို့ထက် လူဦးရေနည်းတဲ့၊ ဘောလုံးအားကစား မဖွံ့ဖြိုးတဲ့ နိုင်ငံတွေတောင် ကျော်တက်ချင်နေကြပြီ။ ဒေသတွင်းမှာ ကျွန်တော်တို့ ဟိုးအောက်ဆုံးအထိ ရောက်မသွားဖို့ သတိပြုသင့်နေပါပြီ။
(၆)
မြန်မာ့ဘောလုံးကို ပရော်ဖက်ရှင်နယ်အဆင့် တက်လှမ်းဖို့ဆိုပြီး MNL ကို ၂ဝဝ၉ မှာ စလုပ်ခဲ့တယ်။ ခရိုနီတွေစုပြီး ငွေတွေဗုံးပေါလအော သုံးကြတယ်။ ဒါပေမဲ့ မြန်မာဘောလုံးရဲ့ ပရော်ဖက်ရှင်နယ် အကူးအပြောင်းဟာ ထင်သလို မဖြစ်လာခဲ့ဘူး။ မြန်မာလက်ရွေးစင် အသင်းတွေရဲ့ အောင်မြင်မှုကိုလည်း မမြင်ရဘူး။ အခုလက်ရှိအချိန်မှာ MNL ရဲ့ စိတ်ဝင်စားမှုကလည်း ဘယ်လောက်လျော့ကျနေပြီလဲဆိုတာ MNL စလုပ်တဲ့အချိန်နဲ့ အခုအချိန်နဲ့ ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဖိတ်ခေါ်ပြိုင်ပွဲ မဟုတ်ဘဲ သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ မြန်မာ့လက်ရွေးစင်အသင်းတွေ ဗိုလ်မစွဲတာလည်း ကြာနေပါပြီ။

ပြီးခဲ့တဲ့ ၂ဝ၁၃ ဆီးဂိမ်းစ်မှာဆိုရင် အိမ်ရှင်အဖြစ် ကစားရပြီး အုပ်စုကတောင် မတက်ခဲ့လို့ အားလုံးစိတ်ပျက်ခဲ့ကြရတယ်။
(၇)
ဒီတော့ မြန်မာ့အားကစား ပြန်လည်ဦးမော့လာနိုင်ဖို့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှု၊ အားပေးထောက်ပံ့မှု၊ စဉ်ဆက်မပြတ်ရှိပြီး စနစ်တကျ အကောင်အထည်ဖော်မှုတွေနဲ့ လုပ်သွားကြရမှာပါ။ ဒီလိုမဟုတ်ဘဲ လူတွေရဲ့သည်းခြေကြိုက် ဘောလုံးအားကစားကို ခုတုံးလုပ်ပြီး ပေါ်ပြူ လာဖြစ်အောင် လုပ်ကြတယ်။ လူတွေစိတ်ဝင်စားမှုရအောင် Hype လုပ်တာတွေ၊ အလွန်အကျွံ ဝါဒဖြန့်တဲ့ ပုံစံမျိုးတွေ လုပ်နေဦးမယ်ဆိုရင်တော့ မှန်ကန်တဲ့အပြောင်းအလဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး ဝါဒဖြန့်ချိရေးအသွင် လုပ်နေကြတာဟာ လူတွေအပေါ် မထီမဲ့မြင်ပြုရာ ရောက်နေ ပါတယ်။ မျိုးချစ်စိတ်ဆိုတာကတော့ ကျွန်တော်တို့မှာလည်း ရှိတယ်။ အားလုံး မှာလည်း ရှိကြတယ်။ အထူးပြောစရာ မလိုပါဘူး။ မြန်မာဘောလုံး ကိုလည်း မြန်မာတွေ အားလုံးက အောင်မြင်စေချင်ကြတာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ပြီဆိုတဲ့သီချင်းကို ဖွင့်ချင်တယ်ဆိုရင်တော့ မြန်မာတွေရဲ့ ဘောလုံးအဆင့်အတန်း ရွှေခေတ်ကို ပြန်ရောက်အောင် အရင်လုပ်သင့်ပါတယ်။ ဒါမှမဟုတ်ရင် မြန်မာနိုင်ပြီသီချင်းကို မဖွင့်တာ အကောင်းဆုံးဖြစ်မှာပါ။ 

Eleven

No comments:

Post a Comment