Monday, September 22, 2014

ဘာသာရေးနှင့် ပတ်သက်သော အမှုအခင်းများ ဖြစ်ပေါ်လာပါက ၀ံသာနုရက္ခိတ အဖွဲ့မှ အခမဲ့ ကူညီမည်

ဘာသာရေးနှင့် ပတ်သက်သော အမှု အခင်းများ ဖြစ်ပေါ်လာပါက ကာယကံရှင်များ အနေဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့ထံ တိုင်ကြားနိုင်ပြီး ဖြစ်ရပ် မှန်ကန်ပါက မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့အနေဖြင့် အခမဲ့ ကူညီပေးသွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

ကာယကံရှင်များ အနေဖြင့် ယင်းကဲ့သို့ မူခင်းများ ဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အဆင့်၊ တိုင်းအဆင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့များထံသို့ လာရောက် တိုင်ကြားနိုင်ကြောင်း သိရသည်။

““ဥပမာ-ဘာသာခြားက မြန်မာအမျိုးသမီးကို စော်ကားတာပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး အရှုပ်အရှင်း ဖြစ်တာပဲဖြစ်ဖြစ် ဖြစ်လာမယ် ဆိုရင် ကျွန်တော်တို့ဆီ လာတိုင် နောက်ပြီး ဓမ္မာရုံက အသံချဲ့စက် ဖွင့်တာနဲ့ ပတ်သက်ပြီး အမှုအခင်းတွေ ဖြစ်ရင်လည်း ကျွန်တော်တို့ဆီကို လာတိုင်လို့ ရပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှန်တော့ ဖြစ်ပါစေ၊ ဖြစ်ရပ်မှား နေရင်တော့ ကျွန်တော်တို့က ကူညီနိုင်မှာ မဟုတ်ဘူး””ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်က The Messenger Media သို့ ပြောသည်။

ယင်းသို့ ကူညီပေးရာတွင် ဥပဒေ ပညာရှင်များဖြင့် ညှိနှိုင်းတိုင်ပင် ကူညီသွားမည် ဖြစ်ပြီး၊ ငွေကြေး မတတ်နိုင်သူများကို ငွေကြေးစိုက်ထုတ် ကူညီပေး သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။ ယင်းကဲ့သို့ ဘာသာရေး အမှုအခင်းများအား ဥပဒေကြောင်းအရ လုပ်ဆောင်ပါက လူ့အဖွဲ့အစည်း နှစ်ခုကြားတွင်လည်း ပြဿနာ ဖြစ်ပွားနိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

““တစ်နေ့တစ်နေ့ တိုင်တာတွေက အများကြီးပဲ။ ကျွန်တော်တို့လည်း တောက်လျှောက် ဥပဒေကြောင်း အရ ရှင်းပေရတယ်။ အမှုဖြစ်ပြီဆိုရင် လေးငါးခြောက်လလောက် ကြာတယ်””ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုလ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) လပတ် အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့အား လူပုဂ္ဂိုလ်များဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့အစည်း ကိုလည်း တရားဝင် မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့အား ပြည်နယ်နှင့် တိုင်းအလိုက် မြို့နယ်အဆင့် ဖွဲ့စည်းထား နိုင်ခဲ့သော်လည်း ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မြို့နယ်အဆင့် ဖွဲ့စည်းထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့ဝင် အင်အား နှစ်သိန်းကျော်ရှိပြီး အဖွဲ့ဝင်များအား အဖွဲ့ဝင် ကတ်ပြားများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ၀ံသာနုရက္ခိတ အဖွဲ့မှ သိရသည်။

The Messenger

No comments:

Post a Comment