Tuesday, September 30, 2014

စမ်းသပ်မှု ပြုလုပ်ခြင်းကြောင့် ဖုန်းဘေလ် ကျပ်၂၀၀ အောက် ရောက်သည်ဆိုသော မက်ဆေ့ခ်ျများ ဝင်ခြင်း ဖြစ်ဟုဆို

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) ဖုန်းများသို့ လက်ကျန်ငွေ ကျပ် ၂၀၀ အထက် ကျန်ရှိသေးသော်လည်း ကျပ် ၂၀၀ အောက် ရောက်ရှိနေကြောင်း မက်ဆေ့ခ်ျများ စက်တင်ဘာ ၂၉ ရက်က
ဝင်လာခဲ့ပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ MPT ကနောက်ပိုင်းတွင် ဆက်လက်ပေးသွားမည့် ဝန်ဆောင်မှုများ၊ အရောင်းမြှင့်တင်ရေး အစီအစဉ်များအတွက် စမ်းသပ်နေခြင်းကြောင့်ဖြစ်သည်ဟု မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောသည်။

MPT ဖုန်းကိုင်ဆောင်သူ အချို့ထံသို့ စက်တင်ဘာ ၂၉ ရက် နံနက်စောစောပိုင်းက စတင်ပြီး လက်ကျန်ငွေ ကျပ် ၂၀၀ အောက်သာ ရှိသည်ဟူသော မက်ဆေ့ခ်ျများ ဝင်ရောက်လာခြင်းဖြစ်ကာ တချို့သုံးစွဲသူများထံသို့ နှစ်စောင်၊ သုံးစောင်ခန့်အထိ ဝင်ရောက်လာခြင်း ဖြစ်သည်။

ဦးမြင့်သိန်းထွန်းက "ဆက်ပြီးလုပ်သွားမယ့် အစီအစဉ်တွေနဲ့ ပရိုမိုးရှင်းတွေ အတွက် အမျိုးမျိုးစမ်းသပ်နေတဲ့ အတွက် မက်ဆေ့ခ်ျဝင်တာပါ" ဟု ဆိုသည်။

ယင်းကဲ့သို့ ကျပ်နှစ်ရာအောက် ရောက်ရှိနေသည်ဟု မက်ဆေ့ခ်ျဝင်ခဲ့သော်လည်း ဖုန်းတွင် ကျန်ရှိငွေကသာ အတည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက "စမ်းသပ်နေတာဖြစ်တဲ့အတွက် မက်ဆေ့ခ်ျကို အတည်မယူပါနဲ့" ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းအသုံးပြုသူ တစ်ဦးက "ည နှစ်နာရီ လောက်ကြီး ဖုန်းအသုံးပြုခ နှစ်ရာအောက်ပဲ ကျန်တယ်ဆိုတဲ့ မက်ဆေ့ခ်ျဝင်လာတယ်။ ဖုန်းဘီလ်က ပရိုမိုးရှင်းပေးတဲ့ ရက်မှာထည့်ထားတာ တစ်သောင်းကျော် ကျန်သေးတယ်။ စစ်လိုက်တော့လည်း တစ်သောင်းကျော် ကျန်ပါတယ်" ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ဂျပန်အခြေစိုက်ကုမ္ပဏီများနှင့် ပူးပေါင်းဝန်ဆောင်မှုပေးရန် စာချုပ်ချုပ်ဆို ခဲ့ပြီးနောက် အသုံးပြုသူများအတွက် ပရိုမိုးရှင်းများဖြင့် ဈေးကွက်ဝေစု ရရန်ဆောင်ရွက်လျက် ရှိသည်။ လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး (MPT) ၏ ဖုန်းပြောဆိုခသည် တစ်မိနစ် ကျပ်၅၀ ဖြစ်ပြီး ပြည်ပ အော်ပရေတာများ၏ ဖုန်းပြောဆိုခသည် မြန်မာ့ဆက်သွယ်ရေး၏ ထက်ဝက်ခန့်သာ ရှိနေသည်။

မဇ္ဈိမ

No comments:

Post a Comment